Chapter 456 : ခေါင်းကို မြင်းအကန်ခံရခြင်းအဖိုး ရှု၏ စကားကို ကြားသောအခါ ကျင်းယွင်ကျောင်း၏ အနောက်ရှိ ရဲအရာရှိသည် သူမအတွက် ဝင်ပြောပေးချင်သော်လည်း ကျင်းယွင်ကျောင်းက ခပ်မြန်မြန်ပင် နောက်သို့ ပြန်တွန်းလိုက်ပြီး ...
"ရဲဦးလေးကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။ ကျွန်မအတွက် ကူရှင်းပြပေးဖို့ မလိုတော့ပါဘူး။ ကျွန်မကိုယ်တိုင်ပဲ ရှင်းပြနိုင်ပါတယ်"
အကယ်၍ အခြားသူတစ်ယောက်ကသာ ဝင်ရှင်းပြပါက အဖိုးအို၏ ဒေါသသည် ပို၍ ဆိုးသွားရုံသာရှိ၏။
သူမသည်လည်း အပြင်မှ စစ်ကူ ခေါ်လာသည်ဟုပင် အပြောခံရနိုင်သည်။
ထို့အပြင် သူမသည် ကောင်းမွန်သော ကိစ္စတစ်ခုကိုပြုလုပ်ခဲ့ခြင်းဖြစ်ရာ အဖိုးအိုအား သေသေချာချာ ရှင်းပြနိုင်သရွေ့ ပြဿနာ မရှိဘဲ အခြားသူများ ဝင်ကူပေးရန် မလိုပေ။
ထိုအခါ ရဲအရာရှိသည် ပဟေဋိ ဖြစ်သွား၏။ ကျင်းယွင်ကျောင်းက ထူးဆန်းသော်လည်း ဤအဖိုးအိုကမူ ပို၍ပင် ထူးဆန်းပုံရသည်၊ ထို့ကြောင့် ရဲအရာရှိလည်း ခေါင်းညိတ်ပြလိုက်၍ ကလေးသူခိုးနှစ်ယောက်အား ရဲစခန်းသို့ ဖမ်းခေါ်သွားတော့သည်။ ထို့နောက် ကျင်းယွင်ကျောင်းက တံခါးပိတ်လိုက်၍ သူမ ဝယ်လာသည့် ပစ္စည်းများကိုသယ်ကာ ခြံထဲသို့ ဝင်လာ၏။
"အဖိုး ရှု၊ ခုနက လမ်းမှာ ကိစ္စလေးတစ်ခု ဖြစ်ခဲ့လို့ ကျွန်မ ခဏ နောက်ကျသွားတာပါ။ ဒါကြောင့် ကျွန်မက အဖိုးကို အသစ်ဖောက်ထားတဲ့ ဆေးဝိုင်တစ်လုံး အစားပြန်ပေးမှာပေါ့"
ကျင်းယွင်ကျောင််း၏ မျက်လုံးများက တောက်ပနေသည်။ ထိုအခါ အဖိုးအိုက နှာခေါင်းရှုံ့လိုက်ရင်း နှာခေါင်းထိပ်ကို လက်ဖြင့် ပွတ်ကာ သူမ၏ လက်မောင်းအား တစ်ချက်ကြည့်လိုက်သည်။
"တကယ်ကို အသုံးမကျတာပဲ။ ဒဏ်ရာရလာသေးတာလား"
ကျင်းယွင်ကျောင်းက ခေါင်းယမ်းလိုက်ပြီး ...
"အသေးအမွှား ဒဏ်ရာလေးပါ။ မနာပါဘူး"
စကားဆုံးသည်နှင့် သူမ, မပြုံးဘဲ မနေနိုင်တော့ချေ။