Chapter 462 : အဆုံးသတ် (၂)နှစ်သစ် အစ ဖြစ်သော်လည်း အိမ်ရှိ မိသားစုဝင်တစ်ယောက်က ရုတ်ချည်း ကွယ်လွန်သွားခဲ့သည်။ အခြားသူများ၏ အမြင်တွင် ထိုအရာက ကံဆိုးခြင်းပင်။ အိမ်ပိုင်ရှင်မှာ မခံမရပ်နိုင် ဖြစ်သော်လည်း တစ်လစာ အိမ်ငှားခကို ပြန်ပေးပြီး ဟုန်းဝမ်ကို နှင်ချတော့သည်။
ဟုန်းဝမ် တစ်ယောက် နေ့ချင်းညချင်း အိမ်ခြေရာမဲ့ဘဝသို့ ရောက်သွားရ၏။
လမ်းမပေါ်တွင် စျေးပေါပေါ ဘီးတပ် ကုလားထိုင်တစ်ခုဖြင့် ထိုင်နေရင်း သူ (မ) ၏ မျက်နှာမှာ နာကျင်မှုတို့ဖြင့် လောင်မြှိုက်နေသည်။
သူ (မ) က ဟုန်းမိသားစု၏ အကြီးဆုံး သမီးဖြစ်သည်။ မြင်းစီးခြင်း၊ ဂေါ့ဖ်ရိုက်ခြင်း ကဲ့သို့သောအရာ အတော်များများကို သူ (မ) ကျွမ်းကျင်၏။ နင်းမြို့တော်ရှိ လူတိုင်း မနာလို အားကျရသော လူမှု အသိုင်းအဝိုင်းမျိုးကို သူ (မ) ပိုင်ဆိုင်ထားသည်။ သူ (မ) က ငွေကြေးဥစ္စာ ကြွယ်ဝချမ်းသာ၏။ ပညာတတ်၏။ အလားအလာကောင်းမွန်သော အနာဂတ်ရှိ၏။ အရာအားလုံးက ပြည့်စုံနေပါလျက်နှင့် ဘာကများ မှားယွင်းသွားပါလိမ့်။
ဖခင်ဖြစ်သူက မိမိကိုယ်ကို အဆုံးစီရင်ကာ သူ (မ) ကို ထားသွားခဲ့သည်။ တစ်ဦးတည်းသော မောင်နှမကလည်း ဘယ်ထွက်သွားမှန်း မသိ။ သူငယ်ချင်းအပေါင်းအသင်းများကလည်း စွန့်ခွာသွားကြပြီ။ ငွေလျှံစဥ်က ပေါင်းသင်းခဲ့ကြသူ အားလုံးမှာ အစအနပင် ရှာမတွေ့တော့။ ယခုမူ သူ (မ) တစ်ယောက်တည်း အကြွေးများနှင့်သာ ကျန်ရစ်ခဲ့သည်။
စိတ်ပျက်လက်ပျက်နှင့် လက်မှိုင်ကျနေချိန်တွင်
ဖုန်းမြည်လာ၏။ ဟုန်းဝမ် တစ်ယောက် မျက်ရည်များကို အမြန်သုတ်လိုက်ကာ ဖုန်းကိုင်လိုက်သည်။ "ဟဲလို...ဘယ်သူပါလဲ"ဟုန်းဝမ်၏ အသံကို ကြားလိုက်ရသော ကျင်းယွင်ကျောင်းမှာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် စက္ကန့်ပိုင်းလောက် ကြာမှ တစ်ဖက်ကိုအသံပေးလိုက်သည်။ "မမလေး ဟုန်း...နင်က မွေးတည်းက...မြင့်မြတ်တယ်လို့ နင့်ကိုယ်နင် ထင်နေသေးလား...တစ်ခြားလူတွေရဲ့ဘဝက...နင်ကြိုက်သလို နင်းခြေပစ်လို့ရတဲ့...ကစားစရာ တစ်ခုလို့...ထင်နေသေးလား"