Chapter 465: အတူသွားကြစို့
ရုတ်တရက် အနွေးဓာတ် တစ်ခုကို ခံစားလိုက်ရသောကြောင့် ကျင်းယွင်ကျောင်း တစ်ယောက်
နောက်တွန့်သွားသည်။ လီရှောက်ယွင်၏ စကားက သူ (မ) ကို စနှိုးစနှောင့် ဖြစ်စေသော်လည် သိုးမွှေးလည်စည်းပဝါက အမွှေးပွပွလေးနှင့် အလွန် သက်တောင့်သက်သာ ရှိလှသည်။တုလင်း တစ်ယောက် ဆွံ့အသွား၏။ သူလည်း လီရှောက်နှင့် နှစ်ပေါင်းများစွာ ခင်မင် ရင်းနှီးလာခဲ့သော်လည်း တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှလက်ဆောင် မရဖူးချေ။
ကျင်းယွင်ကျောင်းက လိမ္မာပါးနပ်သူ ဖြစ်သည့်အလျောက် လီရှောက်ယွင်တွင် ရည်ရွယ်ချက် တစ်ခု ရှိနေသောကြောင့် ဤသို့ စကားပလ္လင် ခံနေခြင်းဖြစ်ကြောင်း ချက်ချင်းတန်းသိ၏။
"ဒီ လည်စည်းပဝါကြီးကို အပြင်မှာ တကယ်ဝတ်မှာတော့ မဟုတ်ပါဘူးနော်" ကျင်းယွင်ကျောင်းလည်း ရှက်ကိုးရှက်ကန်းနှင့် မေးလိုက်သည်။
လီရှောက်ယွင်က မျက်ခုံးတစ်ဖက် ပင့်သွားသည်။
"ဘာလဲ၊ အပြင် ဝတ်သွားလို့ မရဘူးလား"လီရှောက်ယွင်၏ အကြည့်စူးစူးကြောင့် ကျင်း
ယွင်ကျောင်း မျက်လွှာချသွားသည်။ ထိုလည်စည်းကို လီရှောက်ယွင် တကယ် ဝတ်မည်မှန်းသာ သိခဲ့လျှင် အားစိုက်ထုတ်ပြီး သည့်ထက်ပိုကောင်းကောင်း ချုပ်ပေးခဲ့သင့်၏။ ယခုမူ လီရှောက်ယွင်၏ ချောမောသော မျက်နှာနှင့် မလိုက်မဖက်၊ ပုံဆိုးပန်းဆိုး လည်စည်းကြီးကို ဝတ်ထားသလို ဖြစ်နေသည်။"သခင်လေး လီ၊ ဘယ်တော့ မြို့တော်ကို ပြန်မလဲ" ကျင်းယွင်ကျောင်း တစ်ယောက် စကားလမ်းကြောင်း လွှဲလိုက်၏။
သူ (မ) ၏ စကားကြောင့် လီရှောက်ယွင်က မျက်နှာအနားသို့ ကပ်လာပြီး တိုးညှင်းစွာ ပြန်ဖြေသည်။ "ခန့်မှန်းကြည့်လေ"
ကျင်းယွင်ကျောင်း ဘာမှ ပြန်မပြောနိုင်မီတွင် လီရှောက်ယွင်က ကားထဲသို့ ဆွဲခေါ်သွား၏။
မျက်စိတစ်မှိတ်အတွင်း ကျင်းယွင်ကျောင်း တစ်ယောက် ကားနောက်ခန်းထဲသို့ ဆွဲထည့်ခံလိုက်ရသည်။ ထို့နောက် သူကိုယ်တိုင် ဒါရိုင်ဘာခုံတွင် ထိုင်ကာ ကားစထွက်ရန် ပြင်လိုက်၏။
သခင်လေး လီက ဘယ်အချိန်ကများ ကျင်းယွင်ကျောင်းကို သဘောကျသွားတာပါလိမ့်။ တစ်ခုခုဆို ချေးများလွန်းသော လီရှောက်ယွင်နှင့် စိတ်မြန်လက်မြန်ရှိသည့် ကျင်းယွင်ကျောင်းတို့ကို ချစ်သူရည်းစားပုံစံ အဖြစ် စဥ်းစားလိုက်သောအခါ တုလင်း တစ်ယောက် အူလှိုက် သည်းလှိုက် အော်ရယ်မိ၏။သို့သော် တစ်ယောက်ယောက်က သူ့ကို အနောက်မှစူးစူးရဲရဲ စိုက်ကြည့်နေသည်ဟု ခံစားရသောကြောင့် လှည့်ကြည့်မိလိုက်ရာ သခင်လေး လီ၏ အေးစက်စက် မျက်လုံးနှင့် အကြည့်ချင်း ဆုံသွားသည်။ "သခင်လေး လီ၊ ဘယ်သွားမလို့လဲ"
"မြို့တော်ကို သွားမလို့" လီရှောက်ယွင်က တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်း ပြန်ဖြေ၏။
ယခင်က သခင်လေး လီ၏ ပုံစံမှာ ဤသို့ မဟုတ်ပေ။ ဟွားနင် ခရိုင်မှ ပြန်လာလျှင် ထျန်းရှန်းလော်တွင်သာ နေနေတတ်သည်။ သုသာန်သို့ သွားပြီး ပြန်ရောက်လာသည်နှင့် မြို့တော်သို့ ချက်ချင်း ပြန်လေ့ရှိ၏။ သို့သော် ကျင်းယွင်ကျောင်းနှင့် တွေ့ပြီးမှ ထိုအမူအကျင့်များ အားလုံး ပြောင်းလဲသွားခဲ့သည်။"မြို့တော်ကို ဘာကိစ္စသွားမှာလဲ" ကျင်းယွင်ကျောင်းလည်း ဇဝေဇဝါဖြစ်သွား၏။
"မြို့တော်မှာ သီးသန့် ကလပ် ဖွင့်ထားတဲ့သူငယ်ချင်း တစ်ယောက် ရှိတယ်။ မင်းကို ပြစရာရှိလို့ အဲ့ကို ခေါ်သွားမယ်" အေးစက်မှု အရိပ်အယောင်များ ပေါ်လွင်နေသော လီရှောက်ယွင်၏ လေသံက ကျင်းယွင်ကျောင်းကို ကြက်သီးမွှေးညင်း ထသွားစေသည်။
ကျင်းယွင်ကျောင်းမှာ မေးစရာ မေးခွန်း များစွာ ရှိနေသော်လည်း အနည်းငယ် တည်နေသော လီရှောက်ယွင်၏ မျက်နှာ အမူအရာကြောင့် နှုတ်ဆိတ်နေလိုက်၏။ မြို့တော်သို့ သူ (မ) ကိုယ်တိုင် မကြာခဏရောက်ဖူးသဖြင့် အထူးအဆန်းတော့ မဟုတ်ချေ။
လီရှောက်ယွင် ကိုယ်တိုင် ကားမောင်းရန် ပြင်လိုက်သော်လည်း တုလင်းက စိတ်မချသောကြောင့် ခရီးသည် ခုံတွင်သာ ပြောင်းထိုင်လိုက်ရ၏။ တုလင်းကယာဥ်မောင်း ကျွမ်းကျင်လှသဖြင့် အရှိန်အလွန်မြန်သည်။ နှစ်နာရီအတွင်း မြို့တော်သို့ရောက်သွားကြ၏။ယွီထျန်းရှန်းတွင် စကားများခဲ့သလောက် လမ်းခရီးတစ်လျှောက်လုံး လီရှောက်ယွင် တစ်ယောက်တိတ်ဆိတ်နေကာ စာအုပ်ကိုသာ သည်းကြီးမည်းကြီးဖတ်နေသည်။
နေ့လည်လောက်တွင် မြို့တော်သို့ ဆိုက်ရောက်ပြီး သူတို့ သုံးယောက်လုံးအတွက် ဟိုတယ်အခန်း တစ်ခန်းစီ ယူလိုက်၏။ မှောင်ရီပျိုးစ အချိန်တွင် လီရှောက်ယွင် ဦးဆောင်၍ ကလပ်ရှိရာသို့ သွားကြသည်။
"ကလပ်ဆိုတာ ဒီနေရာလား၊ မသိရင် ဇိမ်ခံဟိုတယ်ကြီး ကျနေတာပဲ။ တုလင်းက မျက်စိ အရှေ့တွင် မြင်နေရသော အဆောက်အဦးကို အံ့သြတစ်ကြီး ကြည့်ကာ တီးတိုး ပြောလ်ုက်၏။