Chapter 467: အထူးဝန်ဆောင်မှုကျင်းယွင်ကျောင်း တစ်ယောက် မုန့်လင်းကို အလွန် ရွံ့ရှာမိသည်။ ပထမအချက်မှာ မုန့်လင်းက တစ်ကိုယ်ကောင်းဆန်လွန်းပြီး သူတစ်ပါးကိုအထင်အမြင်သေးလေ့ ရှိ၏။ ဒုတိယအချက်မှာ ထိုလူက သူ (မ) ကို အကြိမ်ကြိမ် ခြိမ်းခြောက်ဖူးသည်။
"သခင်လေး လီက မုန့်လင်းကို ပြဿနာ တက်စေချင်တာလား။ အဲ့လို လုပ်လို့ရပါ့မလား။ မုန့်လင်းရဲ့ဆုံးသွားတဲ့ အဖေက နယ်ပယ် တော်တော်များများမှာ အချိတ်အဆက် ကောင်းတွေ ရှိတယ်လို့ ကြားမိတယ်။ သူ့ ဦးလေးကလည်း နင်းမြို့တော်ရဲ့သူဌေးတစ်ယောက်ပဲ" ကျင်းယွင်ကျောင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
မုန့်လင်း၏ နောက်ကွယ်တွင် ထိုသို့သော အင်အားကြီး ပုဂ္ဂိုလ်များသာ မရှိလျှင် ကျင်းယွင်ကျောင်းကိုယ်တိုင် တစ်စစီ ဖျက်ဆီးမိမည်မှာ အသေအချာပင်။
ဤလောကကြီးတွင် ကောင်းကောင်း ရှင်သန်လိုလျှင် နှိမ့်ချတတ်ဖို့ လိုသည်။ အခြေအနေနှင့်အချိန်အခါကို ကြည့်ကာ နောက်တစ်လှမ်း ဆုတ်သင့်လျှင် ဆုတ်ရမည်။ စိတ်လိုက်မာန်ပါ မဆင်မခြင်ဇွတ်လုပ်လျှင် ကိုယ်ပဲ ထိခိုက်သွားနိုင်၏။
ထို့ကြောင့် မုန့်လင်းကို သူ (မ) မျက်မုန်းကျိုးနေသော်လည်း မဆင်မခြင် သွားမထိရဲပေ။ အခွင့်အရေး မရမီ ထိပ်တိုက် မတွေ့အောင် အတတ်နိုင်ဆုံး ရှောင်နေရသည်။
သို့သော် လူ ငှားပြီး မုန့်မိသားစုရှိ လူကြီး လူငယ် မကျန် အကုန် စုံစမ်း စစ်ဆေးရန် ယွီအန်းကို သူ (မ) တောင်းဆိုထားပြီးသား ဖြစ်၏။"ဒီက အစ်ကိုချောချောလေး နှစ်ယောက်၊ ကျွန်မကို အစ်မ ယွမ်လို့ ခေါ်လို့ရပါတယ်။ ဘာဝန်ဆောင်မှုပေးရမလဲ" ကျင်းယွင်ကျောင်း၏ စကားအဆုံးတွင် အသက် သုံးဆယ် ဝန်းကျင် ရှိပုံရသော အမျိုးသမီးတစ်ယောက်က မိန်းမလှလေး နှစ်ယောက် ခြံရံလျက် သူ (မ) တို့ ရှိရာသို့ ရောက်လာသည်။ ထိုအမျိုးသမီး၏ ဝတ်ပုံစားပုံနှင့် အပြင်အဆင်က ရှေးခေတ် ဆောင်ကြာမြိုင် ပိုင်ရှင်တစ်ဦးနှင့် တူနေ၏။
သူ (မ) ဘေးတွင် လိုက်ပါသော မိန်းမပျို နှစ်ဦးအနက် တစ်ဦးက ညှို့အားပြင်းကာဆွဲဆောင်မှုရှိသည်။ ရဲရင့်သည့် အသွင်ဆောင်သည်။ အခြားတစ်ဦးကမူ ဖြူစင် သိမ်မွေ့သော ကြာပန်း တစ်ပွင့်ကဲ့သို့ အသွင်အပြင် ရှိ၏။