မုံ့လင်း၏ စူးဝါးစွာ အော်ဟစ်သံများသည် တော်တော်နှင့် မစဲချေ။ မကြာမီတွင် မြေပြင်ပေါ်၌ သွေးများ အိုင်ထွန်းလာလေသည်။ သူ၏ လက်ကြောနှင့် ခြေကြောများလည်း အားလုံး ပြတ်တောက်ကုန်ပြီ ဖြစ်သည်။
လီရှောက်ယွင်မှာမူ ဟိုတယ်၌ ရှိနေကာ သုံးဦးသားသည် အနားယူလျက်ရှိသည်။ ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းအား အခြေအနေကို ရှင်းပြလိုက်၏။ ပိုင်ယွီအန်းလည်း သတင်းကြားသောအခါ အလွန် အံ့သြ တုန်လှုပ်သွားလေသည်။
သူသည် မကြာသေးမီက ဖွင့်သော တော်ဝင်နန်းတော် အကြောင်းကို ကြားဖူးခဲ့သည်။ ၎င်း ဖွင့်စက သူ့ကို လာရန်ပင် ဖိတ်ကြားခံခဲ့ရသည်။ သို့သော် ထိုနေရာသည် မုံ့လင်း၏ လက်ခုပ်ထဲတွင်ရှိကြောင်း ကြားလိုက်ရသောအခါ သူသည် တည့်တိုးပင် ငြင်းဆန်ခဲ့၏။ ထိုကဲ့သို့သော နေရာမျိုးသည် မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။တော်ဝင်နန်းတော် ဆောက်လုပ်စဥ်က ငွေကြေးအကုန်အကျ အလွန်များပြားခဲ့သည်။ အတွင်း အပြင် ဆင်ယင်မှု စရိတ်ဖြင့်ပင် သိန်းသန်းချီကုန်ဆုံးနေပြီ ဖြစ်သည်။ လူများစွာသည် အတွင်းထဲမှ အရောင်းအဝယ် ကိစ္စများကို သိနေခဲ့သော်လည်း အနောက်တွင် လက်မည်းကြီး ရှိနေသဖြင့် မည်သူမျှ ဝင်ရောက် မစွက်ဖက်ရဲချေ။
အနည်းဆုံးတော့ နင်း မြို့တော်ထဲတွင် မည်သူမျှ မုံ့လင်းအား ဤကဲ့သို့ မစော်ကားရဲ။ သူတို့သည် ထိုကဲ့သို့ မုံ့လင်းအား စော်ကားရုံမက ဖမ်းပင် ဖမ်းချုပ်လိုက်သေးသည်။ ရဲစခန်းတွင် လူအုပ်ကြီးဖြင့် ပြည့်လျှံနေသည်။
ချောမောလှပသော အမျိုးသား၊ အမျိုးသမီးများကြောင့် လူများ၏ မျက်လုံးများ ဝင်းလက်ကုန်သည်။ တော်ဝင်နန်းတော်တွင်းကို အပြည့်အဝ ရှင်းလင်းထားခြင်း ဖြစ်သည်။ အတွင်းရှိ လူများအားလုံး၏ စာရင်းသည်လည်း ရဲ လက်ထဲတွင် ရှိနေ၏။ ဒါရိုက်တာ များစွာ၏ ရှေ့တွင် ၎င်းစာရင်းကို ချပြလိုက်သောအခါ သူတို့သည် အံ့သြထိတ်လန့်လွန်း၍ ဆွံ့အကုန်ကြသည်။
ပြည်သူ့ဆက်ဆံရေး ဌာန စတင်ဖွင့်လှစ်သည့်အချိန်မှ စ၍ ဤအမျိုးသား၊ အမျိုးသမီးများ ပါဝင် ပတ်သတ်ထားသော ဧည့်သည်များ၊ အချိန် မှတ်တမ်းများ၊ အရောင်းအဝယ် ပမာဏများအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထား၏။ အဆင့်လိုက်ပင် ခွဲခြားထားသေးသည်။ ထို့အပြင် အထူးအဆင့်အတန်း ရှိသော အချို့ဧည့်သည်များအကြောင်းကိုလည်း မှတ်တမ်းတင်ထားသည်။ သူတို့၏ အကြိုက်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ထိုစာရင်းထဲ ထည့်သွင်းထား၏။