အစ်မ ယွင်သည် အလွန် ဒေါသထွက်နေခဲ့သည်။ သူမသည် ငယ်ရွယ်စဥ်က ယောက်ျားကောင်းနှင့် မတွေ့ခဲ့ခြင်းကြောင့် ဤလောကထဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်၏။ ထိုအချိန်က သူမ၏ ရည်းစားသည် သူမအပေါ် ယုတ်မာပြီး အခြားသူ၏ ကုတင်ပေါ် သူမအား တင်ပေးခဲ့၏။ ထိုအကြောင်းကို သူမ မိဘများ သိရှိလိုက်သောအခါ သူတို့သည် လွန်စွာတုန်လှုပ်သွားခဲ့သည်။ ထိုစိတ်တုန်လှုပ်မှုဒဏ်ဖြင့် တစ်ဦးမှာ ကွယ်လွန်ပြီး နောက်တစ်ဦးမှာ အိပ်ရာထဲ ဘုန်းဘုန်းလဲခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က သူမ၏ သူငယ်ချင်းများပင် သူမအား လာရောက် တွေ့ဆုံခြင်း မရှိပေ။ သူမအား အရှက်စရာအဖြစ် သတ်မှတ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ သူမသည် ငယ်ရွယ်သည့်အပြင် အကြွေးများစွာလည်း တင်နေခဲ့၏။ ထိုအကြွေးများအား ဆပ်နိုင်ရန် ပညာ အရည်အချင်းရော ကျွမ်းကျင်ရာ စွမ်းရည်ပါ မရှိခဲ့သော သူမသည် ထိုအချိန်က ပိုက်ဆံ မရှာနိုင်လျှင် သူမ၏ မိသားစုပါ ဆက်လက် မရှင်သန်နိုင်တော့မည့် အခြေအနေသို့ ရောက်ရှိခဲ့၏။
ထို့ကြောင့် သူမသည် ပြန်လမ်း မရှိသော ဤလောကထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှောင်ချင်းမှာ ထိုသို့ မဟုတ်ချေ။
သူမ ရောက်ရှိစဥ်က ဝတ်ဆင်ထားသော အင်္ကျီများမှာ နာမည်ကြီး တံဆိပ်များ မဟုတ်သည့်တိုင် ယွမ်ပေါင်း ရာကျော်တန်သည့် အရာများ ဖြစ်သည်။သို့သော် သူမ ကြည့်ရသည်မှာ စာချုပ် မချုပ်ရလျှင် သေတော့မည့်အတိုင်း ဖြစ်နေ၏။ ယနေ့ခေတ်အခါတွင် မိန်းကလေးများသည် နာမည်ကြီးအိတ်များ၊ လက်ဝတ်ရတနာများ စသည့် ဇိမ်ခံပစ္စည်းများအတွက် လမ်းမှားပေါ် လျှောက်နေကြလေသည်။ ထို့ကြောင့် သူမသည် ထိုအချိန်က သက်ပြင်းချပြီး ရှောင်ချင်းအား အကြံပေးခဲ့သော်လည်း အတင်းအကြပ် တားမြစ်ခဲ့ခြင်း မရှိချေ။ သူမနှင့် သွေးမတော် သားမစပ်သော လူဖြစ်နေသည် မဟုတ်ပေလော။
သို့သော် ယခုတွင် ရှောင်ချင်းသည် အမှန်တရားကို ငြင်းဆန်နေသည်ပင်။
အစ်မယွင်သည် အမှန်တရားကို ဖွင့်ဟချင်ခဲ့သည်။
ရှောင်ချင်းမှ မကြိုက်ဘဲလုပ်သောအရာမဟုတ်ဟူ၍ ပြောချင်သည်။