ရှောင်ချင်းသည် ကမ္ဘာ တစ်ခုလုံး ပြိုကျလုမတတ် ခံစားနေရသည်။ သူမ၏ ဘဝသည် အဘယ်ကြောင့် ဤမျှ ခက်ခဲရမှန်း သူမ နားမလည်ချေ။
သူမ အလယ်တန်းတွင် မိဘ နှစ်ပါးလုံး ဆုံးပါးသွားသောကြောင့် အဒေါ်အိမ်တွင်သာ မောင်ငယ် နှစ်ယောက်ဖြင့် နေထိုင်ခဲ့ရသည်။ သူများ အမိုးအောက်တွင် နေနေရသဖြင့် သူမ၏ ဝမ်းကွဲများသည် သူမအား အမြဲတမ်း ရန်လို မုန်းတီးကာ အနိုင်ကျင့်ခဲ့၏။ အမြဲတစေ စိတ်ကောင်းစေတနာထားခဲ့သော သူမကို သူတို့ နားမလည်ပေးခဲ့ကြချေ။ သူမ လုပ်သမျှ မှားသည်ချည်း ဖြစ်ခဲ့၏။
ဤကဲ့သို့ ဆိုးရွားသောအတွေ့အကြုံများကို ကြုံတွေ့ပြီး နောက်ဆုံးမှသာ သူမသည် သူမအားခေါ်မွေးစားလိုသည့် ဦးလေးကောင်း တစ်ဦးအား တွေ့ခဲ့ခြင်း ဖြစ်သည်။ ယခုမှ သက်ပြင်းချနိုင်ပြီဟု တွေးနေစဥ်မှာပင် သူမ၏ ဝမ်းကွဲ ညီမ ချူချူသည် သူမအား မုန်းတီးနေလေပြီ။သို့သော် ချူချူသည် ယခင်က ဤကဲ့သို့ မဟုတ်ပေ။ ထိုအကျင့်ပုပ်သော ကောင်မလေးမှ သူ့အားတစ်ခုခု ပြောခဲ့ခြင်းကြောင့်သာ နားလည်မှုလွဲပြီး သူမအား အမြင်စောင်းသွားခြင်း ဖြစ်မည်။ ချူချူသည် သူမ ဦးလေး၏ တစ်ဦးတည်းသော သမီးဖြစ်၏။ သူမ ဦးလေးသည် ချူချူ၏ စကားကို နားထောင်တတ်ပေသည်။ ထိုအချိန်ရောက်လျှင် သူမဦးလေးမှ သူမကို မောင်းချမည် မဟုတ်ပေလော။
“ချူချူ....ဒီညီမလေးရဲ့စကားကို နားမထောင်နဲ့၊ ဟုတ်လား။ ငါ တကယ် အမှားမလုပ်ထားဘူး” ရှောင်ချင်း ဆက်ပြောလိုက်သည်။
စူးချူ၏မျက်နှာ ချက်ချင်းဆိုသလို နီတက်သွားသည်။ ဤဝမ်းကွဲနှင့် သူမသည် အမှန်တကယ်ပင် ကီးမကိုက်မှန်း သိသွားသောကြောင့် ဖြစ်သည်။ လာရာလမ်းတွင် သူမသည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းအား သူမ ဝမ်းကွဲအစ်မသည် လှကြောင်း၊ ချစ်စရာကောင်းကြောင်း၊ နူးညံ့သိမ်မွေ့ကြောင်း ချီးကျူးထားခဲ့သော်လည်း ဤကဲ့သို့ဖြစ်မည်ဟု သူမ, မထင်မှတ်ထားခဲ့ချေ။
“အစ်မ ချင်း၊ အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့။ မြန်မြန် အဘိုး ချန်ကို တောင်းပန်။ ဆေးတွေလည်း ကိုင်လို့ မရတော့ဘူး။ နောက်တစ်ခါ တရုတ် ရိုးရာကုထုံးအကြောင်းပါ သူများကို မပြောနဲ့တော့။ မဟုတ်ရင် အလုပ်ပြောင်းပေးဖို့ အဖေနဲ့ အမေကိုပြောရလိမ့်မယ်”