ကျင်းယွင်ကျောင်နှင့် ရှောင်ဟိုင်ချင်းလည်း အနောက်မှ လိုက်လာသည်။ စူးချူသည် သူတို့အားလုံးအား အနီးအနားမှ ကော်ဖီဆိုင်တစ်ဆိုင်အား ခေါ်လာကာ ထိုင်လိုက်၏။
"အစ်မ ချင်း၊ ဒီကိစ္စနဲ့ပတ်သတ်လို့ ညီမ မကူညီပေးနိုင်ဘူးနော်။ ခဏနေ အဖေ့ကို ဘယ်လိုပြန်ပြောမလဲဆိုတာပဲ စဉ်းစားလိုက်တော့”
စူးချူသည်လည်း စိတ်ထဲ၌ အနည်းငယ် ဒေါသထွက်နေမိသည်။
ရှောင်ချင်းသည် အဝေးမှပင် လာပြီး သူမတို့ထံ အကူအညီ တောင်းခံသည် ဖြစ်ရာ သူမတို့ မိသားစုမှ ပို၍ ယဉ်ကျေးမှုရှိသင့်ပြီး ပြောစရာရှိသည်များကို ဘွင်းဘွင်း မပြောသင့်ဟု သူမ ထင်ခဲ့ဖူးသည်။ သို့သော် သူမသည် ဤကဲ့သို့သော စရိုက်မျိုးကို အမှန်တကယ်ပင် သည်းမခံနိုင်ပါချေ။ သူမနှင့်စကားပြောရသည်ကပင် စိတ်ပျက်စရာကောင်းလွန်းလှပြီ။
ကျင်းယွင်ကျောင်းမှာမူ အေးအေးဆေးဆေး ဖြစ်နေသည်။ ဤကဲ့သို့သော လူမျိုးကြောင့် ဒေါသထွက်ရန် လုံးဝ မတန်သောကြောင့် ဖြစ်သည်။ ထို့အပြင် မိမိဘာသာ မည်မျှပင် ဒေါသထွက်လွန်း၍ ဒွါရ ခုနစ်ပေါက်လုံးမှ မီးခိုးများ ထွက်စေကာမူ တစ်ဖက်လူသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် သနားစရာ အကောင်းဆုံးနှင့် ဝမ်းနည်းစရာ အကောင်းဆုံးလူအဖြစ် တွေးနေဦးမည် ဖြစ်သည်။ ဤကဲ့သို့ သူ့ကမ္ဘာဖြင့်သူ ရှိနေသည့်သူအား အဘယ်သို့ အကျိုးအကြောင်း ပြ၍ စကားပြောနိုင်မည်နည်း။
စူးချူ စကားဟလိုက်သည်နှင့် ရှောင်ချင်းသည် မတရားခံရသည့်ရုပ် ဖြစ်သွားပြန်သည်။
“ချူချူ၊ ငါ တောင်းပန်ပါတယ်။ အခု ငါ နင့်မိသားစုကို ကျေးဇူးကြွေးတင်နေပေမယ့် နောက်ကျရင် သေချာပေါက် ပြန်ဆပ််မှာပါ။ ဟိုစကားပုံလိုပဲလေ တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့။ အနာဂတ်မှာ ငါ သေချာပေါက် လူကောင်း တစ်ယောက်ဖြစ်အောင် နေပါ့မယ်။ နင့်မိသားစုထဲက ယူထားသမျှ ငါ ပြန်ပေးမှာပါ”ထိုသို့ ပြောလိုက်သောအခါ စူးချူ ကြောင်အသွားသည်။
သူ တကယ်ကြီး ဒါတွေ ပြောနေတာလား။
“ပြီးတော့လေ ချူချူ၊ နင်က ငါ့ ဝမ်းကွဲညီမလေးဆိုတော့ ငါ နင်ကောင်းဖို့ ငါ ပြောချင်တာတစ်ခုက အဲ့ကောင်မလေးနဲ့ ဝေးဝေးနေ သိလား။ သူနဲ့ အတူမနေနဲ့၊ လူဆိုတာ အပေါင်းအသင်း မှားရင် ပျက်စီးတတ်တယ်”
ရှောင်ချင်း ထပ်ပြောပြန်သည်။