စူးချူသည် စကားပြောရ လွယ်ကူသောသူ ဖြစ်သော်လည်း သူမအပေါ် လူကောင်းတစ်ဦး ဖြစ်ပေးရလောက်သည်ထိ မတုံးပေ။ ထို့အပြင် ရှောင်ချင်းသာ အမှားနှင့် အမှန် ခွဲတတ်လျှင် အဆင်ပြေမည်ဖြစ်သော်ငြား သူမသည် တစ်လောကလုံးမှ အနိုင်ကျင့်သည်ကို ခံနေရသည့်ပုံ လုပ်ပြနေလေသည်။ သူမ၏ မိဘများမှ ရှောင်ချင်းအား မည်မျှပင် ကောင်းကောင်း ဆက်ဆံပါစေ သူမဘဝတိုးတက် အောင်မြင်သောနေ့တွင် ဤတစ်ချိန်လုံး သူတို့အိမ်၌ မတရားခံရပြီး အရှက်ခွဲခံရသလို လုပ်မည့် ပုံစံမျိုး ဖြစ်လောက်၏။
စူးချူ စကားပြောပြီးသည်နောက် ကျင်းယွင်ကျောင်းနှင့်အတူ ဆေးခန်းတွင် ကူညီရန် ပြန်သွားတော့သည်။
ရှောင်ချင်းသည် စိတ်ရှုပ်ထွေးပြီး ဒေါသထွက်နေဆဲဖြစ်၏။ ခဏအကြာတွင် သူမသည် မျက်ထောင့်နီဖြင့် ကော်ဖီဆိုင်မှ တဟုန်ထိုးထွက် မလိုဟန်ပြင်လိုက်သည်။ သို့သော် သူမ တံခါးသို့ မရောက်ခင်တွင်ပင် တားဆီးခံလိုက်ရသည်။“အစ်မ၊ ကော်ဖီဖိုး မပေးရသေးပါဘူး...”
စားပွဲထိုးမှ သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်၏။
ရှောင်ချင်းသည် ၎င်းကို ကြားသောအခါ သူမအသံအား ချက်ချင်း မြှင့်လိုက်ပြီး ...“ဘယ်သူ့ကို အစ်မလို့ ခေါ်နေတာလဲ။ နင်ကမှ အသက်ကြီးတဲ့ရုပ်ပေါက်နေတာ”
စားပွဲထိုးလေးသည် အော်ငေါက်မှုကြောင့် စကားစ ရှာမရ ဖြစ်သွားသော်လည်း ရှောင်ချင်းသည် စျေးဝယ်သူဖြစ်သောကြောင့် ဒေါသကို မြိုချကာ ထပ်ပြောလိုက်၏။
“စိတ်မရှိပါနဲ့၊ ဒီအတိုင်း ကော်ဖီဖိုး မပေးရသေးဘူးဆိုတာ ပြောချင်လို့ပါ”
“ငါ အထက်တန်း ကျောင်းသူ ၃ ယောက်နဲ့ လာခဲ့တာလေ...”
“ဟုတ်ပါတယ်။ ဒါပေမယ့် ကောင်မလေးတွေက ကိုယ်သောက်တာ ကိုယ်ရှင်းဖို့ လုပ်ထားတယ် ပြောလို့ သူတို့ အပိုင်းပဲ ပေးသွားပါတယ်...”
စားပွဲထိုးမှ ထပ်ပြောပြန်သည်။
ရှောင်ချင်းသည် ထိုစကားကို ကြားလိုက်သောအခါ စူးချူသည် တဖြည်းဖြည်း သဘောထားသေးသိမ်လာသည်ဟု ထင်မိသည်။ ဤကဲ့သို့ နူးညံ့သိမ်မွေ့သော မိန်းကလေးငယ် တစ်ဦးအား ဖျက်ဆီးခဲ့သော ကျင်းယွင်ကျောင်းသည်လည်း လူကောင်းတစ်ယောက် မဟုတ်ဟု သူမ မြင်နေ၏။