စားပွဲထိုးမှ စကားဆုံးပြီး နှစ်စက္ကန့်ပင် မပြည့်သေးခင် သူ၏အရှေ့၌ ယွမ် တစ်ရာ ပေါ်လာလေသည်။ ယောက်ျား တစ်ဦးမှ ထိုပိုက်ဆံကို ငွေရှင်းကောင်တာတွင် တင်ပြီး ရှောင်ချင်းအား တန်းဆွဲခေါ်ထုတ်သွားသည်ကို သူ မြင်လိုက်ရသည်။ မထွက်သွားခင်တွင် ပြောသွားသေးသည်။
“ပိုတာ ပြန်မအမ်းနဲ့”
ရှောင်ချင်း မတုံ့ပြန်ိနိုင်စဥ်တွင်ပင် ဆိုင် အပြင်ဘက်မှ အေးစက်သောလေကို ခံစားလိုက်ရသည်။ သူမသည် အံ့သြမှုဖြင့် မော့ကြည့်လိုက်၏။
ထိုအခါ သူမသည် အသက် ၂၄ -၂၅ နှစ်အရွယ်ခန့်ရှိသော အမျိုးသား တစ်ဦး သူမ အရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ရုပ်ရည်ချောမောသော်လည်း အရပ် အရမ်း မရှည်ချေ။ ပိန်ပိန်ပါးပါး ရှိသော်လည်း အံ့သြစရာ ကောင်းလောက်စွာဖြင့် အလွန် သန်မာပေသည်။ သူမ၏ လက်ဆစ်ကို ဆုပ်ကိုင်ထားသောအားသည် သူမအား အနည်းငယ်နာကျင်စေ၏။“ရှင်...ကျေးဇူးတင်ပါတယ်”
ရှောင်ချင်း သုတ်သုတ်ပြာပြာဖြင့် ပြောလိုက်၏။
ထိုအမျိုးသားသည် မျက်မှန်တပ်ထားပြီး သန်မာသည့်ပုံပေါက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အနံ့ ထွက်နေသလို ရှိသော်လည်း ဆိုးသော အနံ့ မဟုတ်ပေ။ သူသည် ရှောင်ချင်းအား ဝေ့ကြည့်ပြီး ပြောလိုက်၏။“ခုနက မင်းနဲ့ ကျောင်းသူလေးတွေ ပြောနေတဲ့ စကားကို ကြားလိုက်တယ်။ မင်း အိမ်ပေါ်က ဆင်းရမှာ မှတ်လား”
ရှောင်ချင်းသည် ခဏမျှ ကြောင်အသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်...”
“အဲ့လိုဆိုရင် အတော်ပဲ။ ငါ နေတဲ့ အိမ်မှာ အခန်းပိုတွေ ရှိတာမို့ မင်း လာနေလို့ရတယ်။ တစ်လကို ယွမ် ငါးရာ ပေးရုံပဲ၊ ဘယ်လိုလဲ”
ထိုအမျိုးသားမှ ထပ်ပြောလိုက်သည်။
ယွမ် ငါးရာဆိုသည်မှာ များလှသည် မဟုတ်မှန်း ရှောင်ချင်းစိတ်ထဲ၌ သိနေခဲ့သည်။ သူမသည် မြို့တော်ထဲတွင် ရှိစဥ်အခါက အိမ်ငှားရန် တွေးခဲ့ဖူးသော်လည်း လူအချို့နှင့် စပ်နေလျှင်ပင် ယွမ် တစ်ထောင်လောက် ကျသင့်ပေမည်။ မြို့တော်မှ အိမ်များထက် ပို၍ ဖရိုဖရဲ ဆန်ပြီး သက်တောင့်သက်သာ မရှိသော ဆင်ခြေဖုံး ရပ်ကွက်မှ အိမ်အား ရွေးချယ်သည်ကမှ ပို၍ စျေးတော်ပေမည်။