ဤ အရေးမပါသော ကိစ္စများနှင့် ယှဥ်လာလျှင် ကျင်းယွင်ကျောင်းသည် ဆေးခန်းထဲတွင်သာ ကျန်ရစ်နေချင်သည်။ သူမသည် တစ်နေ့လုံး ထိုနေရာတွင် ထိုင်နေလျှင်ပင် ပင်ပန်းမည် မဟုတ်ချေ။ ပင်ပန်းမည့်အစား စိတ်ပျော်ရွှင်နေလိမ့်မည်။
ထို့အပြင် သူမ စူးမိသားစုထံ သွားပါကလည်း သိပ်ကူညီနိုင်မည် မဟုတ်။ ရှောင်ဟိုင်ချင်းလည်း ရှိနေသောကြောင့် ထိုရှောင်ချင်းဆိုသည့် မိန်းကလေးသည် စူးချူအား အခွင့်ကောင်း ယူနိုင်မည် မဟုတ်ချေ။
ကျင်းယွင်ကျောင်းမှ ထိုသို့ပြောပြီးသောအခါ ရှောင်ဟိုင်ချင်းနှင့် စူးချူတို့ နှစ်ယောက်လုံး ခေါင်းညိတ် သဘောတူလိုက်ကြ၏။ ထိုစုံတွဲမှ ကားမောင်း ထွက်သွားသည်ကို တွေ့လိုက်သဖြင့် သူတို့သည် တက္ကစီးတစ်စီးကို အလျင်အမြန် တားကာ အနောက်မှ လိုက်သွားကြတော့သည်။
“ယွင်ကျောင်း၊ ကောင်မလေး၊ မင်း သွားပြီး ဒီဆေးပင်တွေကို အမျိုးအစား ခွဲလိုက်။ ဘာကုန်နေပြီလဲဆိုတာ ကြည့်ပေး၊ အဲဒါမှ တစ်ယောက်ယောက်ကို ပို့ခိုင်းလို့ရမှာ”
သမားတော် ချန်သည် ပုံမှန်ဖြစ်နေသော မျက်နှာထားဖြင့် တိုက်ရိုက် ညွှန်ကြားလိုက်သည်။ ကျင်းယွင်ကျောင်း ရှိသော နေ့တိုင်းတွင် လုပ်ငန်းဆောင်တာများသည် ချောချောမွေ့မွေ့ ပြီးလေ့ရှိ၏။
သူမ၏ အမြင်အာရုံသည် ကောင်းမွန်ပြီး ဆေးပင်များကို ခွဲခြားနိုင်စွမ်းမှာလည်း ဤအဘိုးအိုထက် မညံ့ပေ။ ယခု သူမသည် တစ်နေ့ထက် တစ်နေ့ပင် ပိုသိလာပုံပေါက်သည်။ သမားတော် ချန်အတွက် ခေါင်းခဲရသော ရောဂါများကို သူမဖြေရှင်းပေးသည်မှာ တစ်ကြိမ်၊ နှစ်ကြိမ် မကတော့ပေ။ စီနီယာ ကန်ပင်လျှင် သူမအား ဉာဏ်ကြီးရှင်ဟု သမုတ်ကာ ချီးကျူးထားလေသည်။
ကျင်းယွင်ကျောင်း၏ ပုံစံမှာ တည်ငြိမ်လှသည်။ သူမသည် ဆေးဗီဒိုဆီသို့ လမ်းလျှောက်သွားကာ လုပ်ထုံးလုပ်နည်းအရ တစ်ခုပြီး တစ်ခု စစ်ဆေးတော့သည်။
“အဘိုး ချန်၊ ဆေးဗီဒိုထဲမှာ ရောနေတဲ့ ဆေးပင်တွေအများကြီးပဲ”