ကျင်းယွင်ကျောင်း၏ စကား နောက်ကွယ်တွင် ယုတ္တိ မရှိသည်တော့ မဟုတ်ပေ။
ရှောင်ချင်းသည် တစ်လောကလုံးမှ လူများကို ယုတ်မာသည်ဟု အမြဲတမ်း တွေးထင်နေသူ ဖြစ်၏။ ကျင်းယွင်ကျောင်းအား စောင့်ကြည့်ရန် သူမ၏ မောင်နှစ်ဦးအား ခိုင်းထားသည်မှာ ဖြစ်နိုင်သည်။ ကျင်းယွင်ကျောင်းမှာ လူကောင်း မဟုတ်မှန်း လက်ဆုပ်လက်ကိုင် ပြနိုင်သည့် သက်သေကို ရှာနိုင်လျှင် အကောင်းဆုံး ဖြစ်သည်ဟု ထင်နေပုံရသည်။ အချိန်တစ်ခုကျလျှင် သူတို့သည် စူးချူအား ကောင်းကောင်း သင်ပြပေးပြီး သူမအား ပျက်စီးစေသည့် အဓိက အရင်းအမြစ်ဆီမှ သူမကို ဆွဲခေါ်ထုတ်ပေးနိုင်သည်။ထို့အပြင် ညီအစ်ကို နှစ်ဦး စကား ပြောနေလျှင် သူတို့ကို ဝိုင်းနားထောင်နေသော ကျောင်းသားများစွာသည် ဂရုတစိုက်ဖြင့် နားထောင်တတ်ကြပြီး တခါတလေတွင် သူတို့၏ မျက်လုံးများသည် စူးချူနှင့် ကျင်းယွင်ကျောင်းအားပင် ဖျတ်ခနဲ ကြည့်တတ်ကြ၏။ သူတို့သည် စူးချူတို့ နှစ်ဦးအား သုံးပြီး လူ အာရုံစိုက်မှုကို ခံလိုခြင်း ဖြစ်မည်။
စူးချူ မဲ့ပြုံးပြုံး လိုက်သည်။
“သူတို့နဲ့ ရှောင်ချင်းက တကယ် မောင်နှမ အရင်းတွေလို့ မပြောရဘူး။ သူတို့ ဒီကျောင်းတက်ဖို့ ငါ့အဖေ ဘယ်လို စီစဥ်ခဲ့ရသလဲဆိုတာ တွေးလိုက်ရင် ဒေါသထွက်လွန်းလို့ ငါ့ ရင်ဘတ်ကြီး တစ်ခုလုံး ပေါက်ကွဲတော့မယ့် အတိုင်းပဲ”
“ငါ့ဝမ်းကွဲက လူခင်တတ်တယ်။ ငါ့ ဝမ်းကွဲက နေတတ် ထိုင်တတ်တယ်ဆိုပြီး နင်ပဲ ငါတို့ကို ကြွားခဲ့တာ မဟုတ်ဘူးလား”
ကျင်းယွင်ကျောင်း တမင် ပြောလိုက်သည်။
“အစ်မ အဲ့တုန်းက သူတို့က အဝေးကလာတဲ့ ဧည့်သည်တွေလေ အဲ့တော့ သူတို့ကို အကောင်းပဲမြင်မှာပေါ့”
စူးချူသည် စိတ်မွန်းကြပ်လွန်းသဖြင့် သေမလိုဖြစ်နေ၏။
ကျင်းယွင်ကျောင်း ပြုံးလိုက်သည်။ သူမသည် စူးချူ၏ ခံစားချက်များကို ကောင်းကောင်း နားလည်လေသည်။ထိုအချိန်တွင် သူမသည် စားနေရင်း သူမအနီးအနားမှ လှုပ်ရှားမှုများကို နားစွင့်နေခဲ့သည်။ လှုပ်ရှားမှုများ ငြိမ်သက်သွားသောအခါ ထိုစားပွဲဝိုင်းမှ ကျောင်းသားများ၏ စကားသံကို ကြားရတော့သည်။