ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၁)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၇၀၈) : ကျင်းမုန့်ယောင်၏ လမ်းစဉ်
ဝမ်ဝေ့က ဂိုဏ်းချုပ်ခန်းမအတွင်း ဝင်ရောက်လာသည့် လူငယ်လေးကို ကြည့်လိုက်သည်။ လူငယ်လေးက အနည်းဆုံးတော့ အပေါ်ယံတွင် ကြည့်ပျော်ရှုပျော် ဖြစ်နေလေ၏။ သူ့အဝတ်အစားနှင့် ဆံပင်များက သေသေချာချာ သပ်သပ်ရပ်ရပ် ဖြစ်နေသော်လည်း သူ့တွင် သွေးဆာသည့် အကြည့်မျိုးရှိနေသည်။
သူ့ခန္ဓာကိုယ်မှ စိတ်ပျက်ကာ စိတ်ဓာတ်ကျသည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူက ထိုအရာကို ဖုံးကွယ်ဖို့ ကြိုးစားနေဟန်ပေါ်၏။
လှံကျိုးတစ်ချောင်းလိုပဲ...
ဝမ်ဝေ့က သူ့ရှေ့မှ လူငယ်ကို ကြည့်ရင်း တွေးလိုက်သည်။ ယခင် ကျင်းမုန့်ယောင်က မိုးမြေကြားရှိ အရာအားလုံးကို ထိုးဖောက်ရဲသည့် လှံတစ်ချောင်းလိုမျိုး ဖြစ်လျှင် လက်ရှိ သူက သံချေးတက်ကာ ကျိုးနေသည့် လှံတစ်ချောင်းသာ ဖြစ်လိမ့်မည်။
သူ့မူလအဆီအနှစ်က ဆက်တိုက် အတက်အကျတွေ ဖြစ်နေတယ်ဆိုတော့ ထိန်းချုပ်မှု ပျောက်ဆုံးနေတာကို ပြသနေတာပဲ။ သူ့ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအားနဲ့ သွေးအဆီအနှစ်တွေကလည်း ဆက်တိုက်ထွက်ပေါ်နေတယ်။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို ဝင်ရောက်ထားတာကို မေ့ထားလိုက်ဦး။ သူ့သက်တမ်းက အတော်လေးကို လျော့ကျသွားတာပဲ...
သူက ထိုကောင်လေး၏ တာအိုနှလုံးသားသည် ဤမျှဆိုးဆိုးရွားရွားအခြေအနေ ရောက်ရှိလိမ့်မည်ဟု ထင်မထားသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဝေ့က အကြီးအကဲများကို ကြည့်လိုက်စဉ် လူတော်တော်များများက ခေါင်းငုံ့ထားကြ၏။ သူတို့က ကျင်းမုန့်ယောင်၏ မောက်မာမှုကို လျှော့ချဖို့ ကြိုးစားခဲ့သော်လည်း ဂိုဏ်း၏ ပါရမီရှင်တစ်ယောက်ကို ပျက်စီးစေခဲ့သည်။
ဂိုဏ်းအမှုထမ်းဘက်က ချိုက်စုန့်နှင့် ကျင်းမုန့်ယောင်လိုမျိုး ဧကရာဇ်အလားအလာရှိသည့် ပါရမီရှင်နှစ်ယောက် ရှိနေသည့်အတွက် ပျော်ရွှင်နေကြပြီး တခြားမိသားစုများအား သူတို့၏ လေ့ကျင့်ရေးတွင် ဝင်ရောက်မစွက်ဖက်ဖို့ တောင်းဆိုခဲ့သည်။ သို့သော်လည်း သူတို့က သူ့အား ပျက်စီးစေခဲ့၏။