ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၁)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၇၁၂) : အတိတ် အပိုင်း(၂)
ဝမ်ချန်က နှစ်မိနစ်ကြာသည်အထိ ဗော်ကာ သောက်သုံးခြင်းကို မရပ်တန့်နိုင်တော့ပေ။
"နောက်ထပ်" သူက စားပွဲပေါ်ကို ရိုက်ချကာ ပြောလိုက်သည်။
ဝမ်ဝေ့က ထပ်မံ ဖြည့်ပေးလိုက်ပြီး သိုလှောင်လက်စွပ်ထဲ မန္တန်တစ်ခု ချမှတ်ကာ ပစ္စည်းများအား သန့်စင်ပြီး သေရည်ခရားထဲ ဆက်တိုက် ပို့ဆောင်ပေးကာ ထိုလူအိုကြီးဆီ အရက်မကုန်ခမ်းသွားအောင် လုပ်ပေးခဲ့သည်။
"ပထမဆုံး တွေ့ဆုံပြီးကတည်းက အရာအားလုံးက အတော်လေးကို အဆင်ပြေချောမွေ့နေခဲ့တယ်" ဝမ်ချန်က ပြောလိုက်သည်။
"သိပ်မကြာခင် မင်းအဘွားက ငါက ကျင့်ကြံသူဆိုတာ သိသွားတယ်လေ။ ဒါပေမဲ့ အများကြီးတော့ ဂရုမစိုက်ပါဘူး။ ပြောရရင် သူမက ငါ့ကို လူနာတွေများများ ကယ်တင်မဲ့ နည်းလမ်းအဖြစ်ပဲ မြင်တာ။ အကြောင်းအရင်းတချို့ကြောင့် ငါက အဲဒီမှာ အလုပ်လုပ်တာကို မရပ်တန့်နိုင်ခဲ့ဘူး"
ဝမ်ချန်က အရက်သောက်ကာ သက်ပြင်းချလိုက်သည်။
"အဲဒီတုန်းက သူမအကြောင်း သိလာပြီးတော့ ချစ်ကျွမ်းဝင်သွားခဲ့တယ်။ မင်းရဲ့အဘွားက မွေးရာပါ ရောဂါရှိပြီးတော့ အသက်နှစ်ဆယ်ကျော်အောင် နေနိုင်မှာ မဟုတ်ဘူးလို့ သမားတော်တွေက ပြောခဲ့ကြတယ်။ ဒါပေမဲ့ သူမက ထူးချွန်ပြီးတော့ ကံကြမ္မာကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ငါးနှစ်အရွယ်လေးနဲ့ သူမက ဆေးပညာကို စတင်လေ့လာခဲ့တယ်။ သူမကို တွေ့တဲ့အချိန်တုန်းက အသက်လေးဆယ်နား ရောက်နေပြီ။
နှမြောစရာကောင်းတာက သူမရဲ့ ဖျားနာမှုနဲ့ အတွေ့အကြုံကြောင့် သေခြင်းရှင်ခြင်းတွေကို ကျော်ဖြတ်လာတော့ ထူးကဲတဲ့ စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ထားတယ်။ ကမ္ဘာကြီးနဲ့ မသက်ဆိုင်သလိုမျိုးပေါ့။ ဒီလိုစိတ်အခြေအနေမျိုးက သူမသာ တာအိုဘာသာကို ကျင့်ကြံမယ်ဆိုရင် ထူးချွန်ပြောင်မြောက်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်တယ်။"