#1
ညဥ့်နက်လှပြီဖြစ်သော်ငြား Park Seung မြို့တွင် မီးအချို့က လင်းလက်နေဆဲပင် ရှိနေသေးသည်။ တိတ်ဆိတ်သော်ငြား တောက်ပနေသော ဘတ်ဆွန်းမြို့အား ကတ္တီပါကောင်းကင်နှင့်အတူ မြူခိုးတို့က ခပ်ပါးပါးဖုံးလွှမ်းထားကြသည်။ မြို့၏ အလင်းရောင်ကြောင့် အရှိန်အဝါမဲ့နေသော ကြယ်ပွင့်တို့က မှိန်လျော်လျော် မျက်နှာထားဖြင့် ကောင်းကင်ပြင်ပေါ် ပြန့်ကြဲလျက်ရှိကြသည်။
ကြယ်လေးများကလွဲ၍ ပိန်းပိတ်မတတ် မှောင်နေသော ကောင်းကင်ကို လူတစ်ဦးက မော့ကြည့်လျက်ရှိနေ၏။ ထိုသူ၏ မျက်နှာတွင် အပြုံးအရယ်မရှိသလို စိတ်ရှုပ်စိတ်ဆတ်နေဟန်လည်းမရှိ။ လေပြင်းတစ်ချက်က သူ့မျက်နှာကို တိုးတိုက်သွားသော အခါမှာတောင် မျက်တောင်တစ်ချက် မခတ်ဘဲ ကောင်းကင်ကို ဆက်ငေးနေသော သူ့မျက်လုံးများကြောင့် သူ့မျက်နှာထားက မျက်နှာဖုံးတစ်ခုနှင့်တောင် တူနေသေးသည်။
"Ge..."
ခေါ်သံတစ်ခုကြားတော့ သူက လက်ပိုက်ကာ လည်မော့ထားရင်းက အသံကြားရာဆီ လှည့်ကြည့်လိုက်သည်။ သူ့နည်းတူပင် ခေါင်မိုးပေါ် မတ်တပ်ရပ်နေသော ကောင်လေးတစ်ယောက်ကို မြင်တော့ သူပြုံးမိလုမတတ်ပင် ဖြစ်သွားသည်။ သို့သော် ပြုံးသည်အထိတော့ မရောက်လိုက်ပေ။ ကောင်လေးက လက်ဖဝါးနှစ်ဖက်မှ ဖုန်တွေကို ခါပစ်ရင်း သူ့အနားသို့ လျှောက်လာသည်။
"ဘာတွေစဉ်းစားနေတာလဲ Ge?"
"Tao..."
ကောင်လေး၏ နာမည်ကို ရေရွတ်ပြီးသည်နှင့် သူ့နှုတ်ခမ်းက အလိုလိုပြုံးလျက်သား။ နှုတ်ခမ်းက အကျင့်ပါနေသောကြောင့် မဟုတ်ဘဲ ကောင်လေး၏ ဖြစ်တည်မှုသပ်သပ်က သူ့အား ခါတိုင်းကဲ့သို့ပင် ခံစားချက်တွေ ရှိလာအောင် တွန်းအားပေးသည့်အတွက်ပင်။ Tao က သူ့နားရောက်လာကာ လက်မောင်းချင်း ချိတ်တွဲလိုက်ရင်း သူခုနက လုပ်နေသည့် ပုံအတိုင်းပင် အပေါ်ကို မော့ကြည့်သည်။ ကောင်လေး၏ ပုံစံကို မြင်မှပင် ခုနက သူ့အား မေးခွန်းတစ်ခုမေးထားမှန်း သူသတိရတော့သည်။
YOU ARE READING
Eternal Less Than Three [MCAHH Season 2]
FanfictionPark Seung, the mysterious lone-town shrouded in secrets and myths, faces yet another problem. And this time, it comes with a blood-stained prophecy.