လူဆိုတာ အမှားလုပ်တတ်တဲ့ အမျိုးမှန်းသိပါတယ်။ ဘယ်သူကမှလည်း မွေးကတည်းက ဘာလုပ်လုပ် ပြစ်ချက်မရှိဘဲမနေဘူး ဆိုတာလည်းသိပါတယ်။ နေ့ရက်တိုင်းကိုလည်း အမှားတွေဆက်လုပ်ရင်း ဆက်လက်သင်ကြားရင်း ဆက်လက်ကျော်ဖြတ်ရင်း ရှင်သန်နေကြတာလည်း ကျွန်တော်သိပါတယ်။ တစ်ချို့တွေကျတော့ ဘာအမှားတွေပဲ ဖန်တီးမိခဲ့ ဥပေက္ခာပြု မေ့ပစ်လိုက်ကြပြီး နေ့ရက်တိုင်းကို အမြဲတမ်းအသစ်အနေနဲ့ ဖြတ်သန်းကြတယ်။ တစ်ချို့ကတော့ ဘာအမှားတွေပဲ သူတို့ပြုလုပ်ခဲ့ပါစေ တာဝန်ယူဖြေရှင်းပြီး နောက်ထပ်မမှားအောင် သင်ခန်းစာယူကာ ဖြတ်သန်းကြတယ်။ တစ်ချို့ကတော့ နှစ်မျိုးလုံးနဲ့ လိုက်လျောညီထွေအောင် ကျင့်သုံးပြီး ဖြတ်သန်းကြတယ်။ နေရာဒေသနဲ့ အခြေအနေကို လိုက်ပြီးတော့ပေါ။ ကျွန်တော်ကကော? ကျွန်တော်က တတိယ ပုံစံနဲ့ အမှားတွေကို ဖြတ်သန်းတဲ့သူမျိုးပါ။ အလုပ်မှာဆို အလုပ်ရဲ့အခြေအနေနဲ့အလိုက် အမှားလုပ်မိရင် တောင်းပန်စရာဆိုတောင်းပန် တာဝန်ယူစရာရှိတာဆိုယူပြီး သင်ခန်းစာယူ.... (ဟင်း... တစ်ခါတစ်လေတော့ မေ့ပစ်လိုက်ပါတယ်) လုပ်ငန်းခွင်ပြင်ပရောက်ရင်တော့ အမှားတွေဖြစ်တိုင်း သိပ်ပြီးတွေးမပူဘဲ မေ့ပစ်နိုင်အောင်ကြိုးစားပါတယ်။ ဒါပေမယ့် ကျွန်တော် မသင်ကြားခဲ့ရတာက
လူတစ်ယောက်ကို မှားချစ်မိရင်ကော? အဲ့အမှားကို ဘယ်လိုဖြတ်သန်းရမလဲ?
ထိုအမှားမျိုးက ကိုယ့်သေတွင်းကိုယ်တူးမိတဲ့အမှားမျိုး။ ရွှေးချယ်စရာမရှိပဲ ခြေနှစ်ဖက်စုံချ ခဲ့ပြီးမှ ဆူးပုံမှန်းသိခဲ့ရတာမျိုး။ အရသာရှိသော အဆိပ်တစ်ခွက်ကို ယမကာတစ်ဖွယ် အရှိန်မဆဲ သောက်နေတာမျိုး။ ထိုသို့သော အမှားကိုကော ကျွန်တော်ဘယ်လို ဖြတ်သန်းရပါ့မလဲ။ ဆွေးနွေးတိုင်ပင်မယ့် သူရှိပြန်ရင်လည်း ဂရုဏာမျက်ဝန်းတွေနဲ့ ကြည့်နေပြန်မှာကိုလည်း ကျွန်တော်မုန်းတယ်။ မှားပြီးရင်း မှားနေတဲ့ ကျွန်တော့်ဖြစ်တည်မှုဟာလည်း သူတစ်ပါးအတွက် သနားစရာဖြစ်နေတာကို ကျွန်တော်အရမ်းမုန်းတယ်။ အခုဆို 3ရက်ရှိခဲ့ပြီ။ ကျွန်တော့်နှလုံးသားအတွက် အနာဂတ်မဲ့ခဲ့ရတာ။ ကျွန်တော့်ရင်ထဲမှာတော့ အနှစ်30လောက် ရင်နာနေရသလိုပါပဲဗျာ။
YOU ARE READING
Piece by Piece
Fanfiction"တစ်ချို့သောနှလုံးသားအပိုင်းအစများသည် ချစ်ရသောသူအတွက်ကြွှေလွှင့်ပေးရသလို တစ်ချို့သောနှလုံးသားအပိုင်းအစများသည် အချစ်ခံရသောသူအတွက် ဆေးလည်းဖြစ်နိုင်သလို ဒဏ်ရာလည်းဖြစ်လေသည်"