တောင်ပံသံ တဖျက်ဖျက်ခတ်တတ်သော လေနတ်သားသည် ဟိန်းဟောက်တတ်သော မိုးခြိန်းသံအား ပံပိုးနေသည်။ ညသန်းခေါင်ယံသည် အပ်ကျသံပင် မကြားအောင် တိတ်ဆိတ်နေသင့်သော်လည်း ယခုတွင်ဖြင့် အငြိုးကြီးစွာ ရွာသွန်းနေသော မိုးနတ်မင်းကြောင့် အကျည်းတန်သလို ခံစားရသည်။ မိုးစက်တွေထက် ကျွန်တော် နှင်းစက်တွေကို ပိုချစ်သည်။ ညဘက်မေမေကြည့်တတ်သော ကိုရီးယားဇာတ်လမ်းတွဲတွေ ထဲတွင်မြင်ရသော နှင်းစက်တွေကို ကျွန်တော်ပို သဘောကျသည်။ မြန်မာနိုင်ငံတွင်လဲ ထိုသို့နှင်းကျသော နေရာတွေရှိပါရက် ဘာကြောင့် ဒီလို အပူပိုင်း ပဲခူးတိုင်းကိုမှ မေမေတို့ ရွေးချယ် နေထိုင်သလဲ ကျွန်တော် သိချင်မိသည်။
နွေရာသီ ကျောင်းပိတ်ရက်သည် ပျော်ဖို့ကောင်းသည်ဟု အရင့်အရင်က ကျွန်တော် ထင်ဖူးသည်။ သို့သော် မနှစ်က နွေရာသီ ကျောင်းပိတ်ရက်သည် ကျွန်တော့်ကို ငရဲနဲ့ထိတွေ့စေသည်။ တစ်ကြိမ်တစ်ခါပင် အိမ်သို့လာမလည်တတ်သော ကျွန်တော့်သူငယ်ချင်းဖြစ်သူ သျှင်းသည် နေ့တိုင်းဆိုသလိုပင် အိမ်သို့လာခဲ့သည်။ လာတိုင်းလဲ ကျွန်တော်နဲ့ ဆော့ကစားသည်ထက် မောင်နဲ့ စကားတွေအများကြီး ပြောနေကျတာ များသည်။ မောင်သည် ကျွန်တော့်ထက် သျှင်းကို ပိုခင်သည်ဟု ခံစားနေရသည်။
ကျွန်တော်နဲ့ဆို ဂျီကျဖို့လောက်သာ တတ်သော မောင်သည် သျှင်းနဲ့ ဆိုလျှင် ကျွန်တော်ချစ်သော ပါးချိုင့်လှလှလေးတွေ ပေါ်သည်အထိ ရယ်ပြုံးနေတတ်သည်။ သူတို့စကားဝိုင်းထဲလဲ ကျွန်တော့်မှာ ဝင်ခွင့်မရှိ။ အားလပ်သည်နှင့် ဘတ်စကတ်ဘော ကစားခြင်းကိုသာ အာရုံစိုက်ရသော ကျွန်တော်သည် မောင်တို့စကားဝိုင်းဘက်ကို ယောင်လို့ပင် ခြေမချရဲ။ ကိုကို ကလဲ ၁၀တန်း စာမေးပွဲကြီးဖြေပြီးသည်နှင့် သူဝါသနာပါရာကို ကြိုးစားလုပ်ကိုင်မည့်သူ ဖြစ်သည်။ ဖေဖေ နှင့် မေမေသည် သူတို့ဘာဖြစ်စေချင်တယ် ဘာလုပ်ပါဟု မပြောသော်လည်း ကျောင်းဆရာတစ်ယောက်တော့ ဖြစ်စေချင်သည်ဟု မောင့်မေမေနဲ့ ပြောနေသံကို ကြားခဲ့ဖူးသည်။
ကိုကိုသည် ဆရာတစ်ယောက် ဘယ်သောအခါမှ လုပ်ဖို့ တွေးမည့်သူ မဟုတ် အဲ့တော့ မေမေ့အိမ်မက်ကို အကောင်အထည် ဖော်ပေးမည့်သားမှာ ကျွန်တော်သာရှိသည်။ အထက်တန်းကျောင်းသား တစ်ယောက်ပင် ဖြစ်တော့မှာ မလို့ မိဘအတွက်လဲ တွေးတတ်နေသော အရွယ်သို့ရောက်ချေလေပြီ။ ထို့အတူ မောင့်အပေါ်ကိုလဲ သံယောဇဉ်ရစ်နွယ်မိလေပြီ။
أنت تقرأ
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
قصص عامةဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...