'' မမ နှင့် ဒိုင်ယာရီ ´´
×××
အိတ်ထဲက မိသားစု ဓာတ်ပုံ တစ်ခြမ်းကို ထုတ်ပြရင်း
'' ဝတီက မွေးစားသမီးနော် ´´
'' ဘာဖြစ်လဲ ။ မွေးစားသမီးမကလို့ တောသူမလေးဆိုလည်း ကိုယ်က ယူမှာ ´´
'' အပိုတွေ ´´သူမနဖူးပေါ်သို့ အနမ်းတစ်ချက် ညင်သာစွာ ကျလာသည် ။
'' ယုံပါကွာ ။ ကိုယ်က ဝတီ့ကို ဝတီဖြစ်နေလို့ ချစ်တာ ´´
× × ×
အဲ့ဒီ့တုန်းက အရမ်းအေးတဲ့ ဒီဇင်ဘာရောက်ခါနီး ရက်လေးတွေမှာပေါ့ ။ သူမနဲ့ သူ သိပ်ပျော်ခဲ့တာ ။ သူမရဲ့ လာမယ့်စာသင်နှစ်ပြီးရင် လူကြီးတွေကို ဖွင့်ပြောမယ် ဆိုတဲ့ အတွေးတွေနဲ့ သူမတို့ နှစ်ယောက် ခိုင်မြဲနေခဲ့တာ ။
အဲ့ဒီ့နေ့ မတိုင်ခင် အထိပေါ့ ။ အဲ့ဒီ့နေ့က ..
နည်းနည်းပဲ အေးတယ် ။ နိုဝင်ဘာရဲ့ နောက်ဆုံး ၇ ရက်ထဲက တစ်ရက်လေ ။ ညနေဟာ အရမ်းကို လှပလွန်းနေခဲ့တာ ။ မိုးပြာရောင်တွေခင်းထားတဲ့ သူမရဲ့ အိမ်အပြန်လမ်းမှာ ကောင်လေးကို စ တွေ့ခဲ့ပါရဲ့ ။ ကျောပိုးအိတ်လေးတစ်လုံး လွယ်လို့ ။ ပါးစပ်က အဟောင်းသား ။ သူမကို ငေးနေလိုက်ပုံက နောက်ကျောတောင် မလုံချင်သလို ဖြစ်တဲ့အထိ ။
အိုကွယ် .. ဘယ်လို လူပါလိမ့် ..
× × ×
ရေမိုးချိုး ခြယ်သပြီးချိန်မှာ သူ နဲ့ချိန်းထားတဲ့ နေရာဆီထွက်လာခဲ့တယ် ။ တွေ့ရတော့မယ် ဆိုတဲ့အသိကတင် တစ်နေ့လုံးအတွက် အားဆေးတစ်ခွက် ဖြစ်နေသလိုပါ ။ အဲ့လောက်ထိ သူမ သူ့ကို ချစ်တယ် ။ သူကလည်း သူမကို ချစ်တယ် ။ ကြည့်စမ်း .. လောကကြီးက ပြည့်စုံလိုက်တာ ။
'' မမ ´´
နေပူပူနေ့လည်ခင်းရဲ့ လမ်းပေါ်မှာ လူများများစားစား မရှိဘူးလေ ။ '' မမ ´´ ဆိုတာ သူမကို ရည်ညွှန်းတာပဲ ။ လှည့်ကြည့်လိုက်တော့ မနေ့က ကောင်လေး ။ ခုတစ်ခါတော့ ပါးစပ်ကြီး ဟ ပြီးငေးမနေတော့ပါဘူး ။ နှင်းဆီပန်း ၁ ပွင့်ကို လှမ်းပေးရင်း ..
'' မမ ဖို့ ´´
ဆိုတော့ သူမလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမှာစိုးလို့ တစ်ခါတည်း ရှင်းရတာပေါ့ ။