Slow Dance

1.6K 179 34
                                    

[Solo: lo inizio]

Jongdae သည် အခြားကမ္ဘာသူကမ္ဘာသားများလိုပင် အချစ်ဆိုတာ ဘာမှန်းမသိခင် ကလေးအရွယ်တည်းက အချစ်အကြောင်း ဖွဲ့နွဲ့ထားသော ရသမြောက်သည့် ဝတ္ထုများ၊ သီချင်းများနှင့် ကြီးပြင်းလာရသူဖြစ်သည်။

ထူးဆန်းစွာပင် လူတွေသည် စိတ္တဇနာမ်များအား အဓိပ္ပာယ်ဖွင့်ရခြင်းကို ကြိုက်ကြပုံရသည်။ အထူးသဖြင့် အနုပညာရှင်များသည် အချစ်၊ အလွမ်း၊ အမုန်းစသည်တို့အား အလင်္ကာ အသွယ်သွယ်ဖြင့် တင်ပြတတ်ကြသည်။ ခိုင်းနှိုင်းလိုက်၊ တင်စားလိုက်ဖြင့် အချစ်အား နာမည်ပေါင်းစုံ တပ်ကြသည်။

Jongdae ကတော့ အဆိုတော်နှင့် တေးရေးဆရာ ဖြစ်ချင်သူပီပီ အချစ်အား သေချာ ခံစားကြည့်ချင်သည်။ သို့သော် တစ်ယောက်တစ်မျိုး ဖွင့်ကြသော အနက်တွေထဲမှ Jongdae ရင်ဘတ်တစ်ခုလုံးနှင့် ခံစားလို့ရသော အဓိပ္ပာယ်ကို ရှာမတွေ့သေး။

ဒါကြောင့်လည်း မူပိုင်သီချင်းတစ်ပုဒ်ကိုမှ ရေးနိုင်စွမ်း မရှိသေးတာဟု ထင်မိသည်။

Jongdae သည် ဂျာနယ်ထဲမှ ရေးလက်စစာသားတွေကို ငုံ့ကြည့်မိလိုက်သည်။ မင်နက်ဖြင့် ရေးချထားသော စာလုံးတွေက သူ့လိုချင်သလို သပ်ရပ်နေသော်လည်း သူလိုချင်သော အရည်အသွေး မရှိသေး။ Jongdae ရေးချင်သော ပုံစံကတော့ ရှင်းလင်းပါသည်။ ချစ်ရသူနှင့် အချစ်အား လှပစွာ ဖွဲ့နွဲ့ချင်ရုံလေး။ သို့သော်လည်း မရှိသောချစ်သူနှင့် နားမလည်သော အရာတစ်ခုအား တင်စားဖို့က ထင်သလောက် မလွယ်ကူ။

မဟုတ်ပါ။ မလွယ်ကူဘူးဆိုတာထက် မဖြစ်နိုင်ဘူးဆိုမှ မှန်လိမ့်မည်။

Jongdae သက်ပြင်းချရင်း တစ်ဝက်တစ်ပျက်သာ ရေးရသေးသော စာရွက်ကို ဆွဲဖြဲပစ်ပြီး လုံးချေပစ်လိုက်သည်။ အရာရာကို ပြီးပြည့်စုံနေမှ ကြိုက်သော သူ့ရဲ့ Perfectionist စရိုက်ကိုသာ ဒီလို လုံးချေပြီး လွှင့်ပစ်လိုက်လို့ရလျှင် ဒီလောက်ခက်ခဲနေမှာ မဟုတ်။

ကုန်ကြမ်းမရှိဘဲ ကုန်ချောထုတ်ဖို့ ကြိုးစားနေသော Jongdae သည် အားမလိုအားမရဖြင့် ဂျာနယ်ကို ပိတ်ပစ်လိုက်သည်။ အချစ်အတွက် ကုန်ကြမ်းရဖို့က ထင်သလောက် မလွယ်။ Jongdae ရည်းစားတွေ ထားခဲ့ဖူးသည်။ သို့သော် တစ်ယောက်ကိုမှ သူမချစ်ခဲ့ဖူးဘူးဟု ထင်သည်။

Slow Dance [XiuChen]Where stories live. Discover now