မွှေးသည်
နူးညံ့သည်
ခါးသည်
သို့သော် နှစ်သက်သည်~
အုံ့မှိုင်းလျက်ရှိသော ရာသီဥတုဖြစ်သော်လည်း မိုးသည် ထင်သလောက်မသည်း။ဘေးပတ်ဝန်းကျင်က အေးစိမ့်မှုတို့နှင့်အတူ မိမိ အရှေ့ မှအငွေ့ တထောင်းထောင်းနှင့် ကော်ဖီကလွမ်းစွတ်ခြင်းတို့ကို ပိုမိုအသက်ဝင်စေသည်။ မွှေးပြန့် လှသော ကော်ဖီ ရနံ့ က အတွေးတို့ကို ဆက်၍ဖြစ်တည်စေသော်လည်း~
"ကိုဝေယံစောင့်နေရတာကြာပြီလား
အားနာလိုက်တာရှင်"ရေသီးရေပေါက်တို့က ဆံသားတွင် ဟိုတစု ဒီတစု။
ထီးမလုံ သဖြင့် စိုရွှဲ နေသော လုံခြည် အစွန်း များဖြင့်
မသေမသတ်ဖြစ်နေသော်လည်း ထိုအတွက် စိတ်မပူဘဲ ထိုင်စောင့်နေသော ဝေယံ စိတ်ကွက်မှာကိုပင် စိတ်ပူနေရှာသည်။"မကြာသေးပါဘူးကွာ မေ ထိုင်လေ ဘာသောက်မလဲ ကော်ဖီသောက်မလား နွေးသွားအောင် "
ခေါင်းလဲ မငြိမ့် ခေါင်းလဲမခါ ။ဒီအတိုင်းပြုံးသာပြသည်။မေသည် ကော်ဖီအားစိတ်ဝင်စားပုံမပေါ်။ ထိုကြောင့်
အဖြေကိုစောင့်မနေတော့ဘဲဝေယံလည်း အသင့်စောင့်နေသော စာပွဲထိုးကောင်လေးအား ကော်ဖီပူပူတစ်ခွက်သာ မှာလိုက်သည်။"ခုတလောမိုးတွေအရမ်းရွာတယ်နော် "
ဝေယံဧ။် စကားနောက်တွင် မည်သည့်ပြန်ကြားချက်မှကပ်မလိုက်။ ကော်ဖီဆိုင်အပြင်ဘက်၌ ဝမ်းနည်းစွာသည်းချနေသော မိုးနှင့် ခြားနားစွာ အခြေအနေက တိတ်ဆိတ်လွန်းလှသည်။ ဤသည်မှာ နှစ်နှစ်ကျော်ကျော်တွဲဖက်ခဲ့သော ချစ်သူစုံတွဲပင်။
"ကိုဝေယံ မေ့ကို ပြောစရာရှိတယ်ဆို"
တွေဆုံခြင်းဧ။်အဓိက အကြောင်းအရင်းကို မေက
သတိပေးကာ စကားစလိုက်သည်။ ဝေယံဧ။်ပုံစံမှာ
တည်ငြိမ်အေးဆေးသလောက် မေ့မှာစိတ်လှုပ်ရှား
နေဟန်။ 'တွေ့ရအောင် ' ဟူသော ဝေယံ့ဘက်မှစ၍ ဖိတ်ခေါ်မှု ကြောင့် မေ့မှာပျော်ရွှင်နေခဲ့သည်။ ချစ်သူသက်တမ်းတလျှောက် ဝေယံ့ ဆီမှ စတင်ချိန်းဆိုခြင်းမရှိခဲ့။ မေကသာ ဟိုနေရာမှာတွေ့မည်။ သည်မှာဆုံမည်နှင့်ပင်။