Profundity

2.4K 173 24
                                    

သာမန်အပြာရောင်နေ့လေးပါပဲ။
အေးအေးချမ်းချမ်းလေးပဲ နိုးထလာတယ်။
အမြင်အာရုံ ဖွင့်ဖွင့်ချင်းမှာ
လခြမ်းကွေး မျက်လုံးမှေးမှေးလေးကို မြင်တယ်။
ကိုကို့အပြုံးရဲ့ အဆုံးမှာ ဦးနှောက်နဲ့ နှလုံးသားက
တစ်ချိန်တည်း အလုပ်လုပ်တယ်။
ကိုကိုတစ်ခါပြုံးတိုင်း ကောင်းကင်မှာ
တိမ်မျှင်တွေ အသစ်တိုးရတယ်။
သဘာဝတရားကြီးက ကိုကိုမဟုတ်ပေမယ့်
ကိုကိုကတော့ ဘသာဝတရားကြီးဖြစ်တယ်။

ကိုကို့အသက်ရှုသံအောက်မှာ နိုးထရတဲ့မနက်တွေဟာ ရက်ရာဇာ။
နဂါးခေါင်းဘယ်ဘက်လှည့်လည်း မသိချင်ပေမယ့်
ကိုကိုကတော့ ဒီဘက်လှည့်နေမှဖြစ်မယ်။
ကိုကို့လက်မောင်းပေါ် ပါးအပ်ပြီး
ငါးမိနစ်လောက်ထပ်အိပ်ချင်သေးတယ်။
ရှုပ်ပွပြီးသား ကိုကို့ဆံပင်တွေကို ထပ်ဖွရတာ နှစ်ခြိုက်တယ်။
အပုပ်ကောင်ရုပ်ဆောင်ဆိုလည်း
ကိုကို့ကိုယ်သင်းနံ့လေးကို စွဲလန်းတယ်။
ဒီကမ္ဘာဟာ ကိုကို့ရင်ခွင်လောက်ပဲ
ကျယ်တယ်ဆိုလည်း မျက်စိမှိတ် ယုံဦးမယ်။
လက်ဖဝါးလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးတာ သဘောကျတယ်။
လည်သည်းရှည်လေးတွေကို လာလာကလိတာလည်း
သဘောကျတယ်။
ရိုးရိုးလေးပါပဲ ... ကိုကို့ကို ချစ်တယ်။

သေခြင်းတရားနဲ့ ရှင်ခြင်းတရားကြားမှာ
ကိုကိုဆိုတဲ့ နံရံပါးပါးလေးပဲ ခြားပါတယ်။
ကိုကို ဟက်ဟက်ပက်ပက်ရယ်လိုက်တိုင်းမှာ
အကြိမ်ပေါင်းများစွာ သေဆုံးပြီး
အကြိမ်ပေါင်းများစွာ ပြန်လည်ရှင်သန်လာတယ်။
သွားတိုက်တံကြီးကိုက်ရင်း
အခန်းထဲ လျှောက်ပတ်သွားနေမယ့်
ကိုကို့နောက်ကို တကောက်ကောက်လိုက်မယ်။
ဘယ်တော့မှ ရိုးမသွားမယ့် တာဝန်တစ်ခုပါပဲ။
သံသရာကြီးရှိသ၍ ကိုကို့ကိုပဲ ခလုတ်တိုက်နေချင်တယ်။

ကိုကိုက ကော်ဖီဆို ခါးမှကြိုက်တယ်။
ဒီလောက်ခါးတာကြီး သောက်ရလားလို့
မျက်လုံးပြူးပြရင်လည်း ရယ်ဦးမယ်။
အခိုက်အတန့်တိုင်းကို တွယ်တာရပါတယ်။
ဘဝမှာ ကိုကိုတစ်ယောက်ပဲရှိပါတယ်
လောဘကြီးတယ်လို့ ပြောလည်းခံပါတယ်
တလောကလုံးနဲ့ လဲပြီး ကိုကို့ကိုပဲ ယူမယ်။

Profundity Where stories live. Discover now