“ ထွန်း ... ”
လော်ဘီကနေ ဆင်ဝင်သို့ဖြတ်လျှောက်သွားလိုက်စဉ် သက်သက်ဝေနှင့် တိုက်တိုက်ဆိုင်ဆိုင်
ဆုံရသဖြင့် ထွန်းကိုကို အလွန်အမင်း အံ့အားသင့်သွားခဲ့ပါသည်။ သက်သက်ဝေက စုံစမ်းမေးမြန်းရေးကောင်တာမှာ တစ်ခုခုမေးမြန်းနေပုံရပြီး သူ့ကိုမြင်တော့ မျက်လုံးတွေလက်ခနဲဖြစ်သွားကာ ကျောကျော့မော့မော့ကလေး လှမ်းလျှောက်လာနေသည်။သူတို့ဘေးနားမှာ ဖြတ်သန်းသွားလာနေကြသော လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေ၊ သူနာပြုတွေ သူတို့နှစ်ယောက်ကို အကဲခတ်သလို လှမ်းငေးကြည့်နေလျက်ရှိကြသည်။ ထွန်းကိုကိုသည် ဤဆေးရုံ၌ ရုပ်ရည်သန့်ပြန့်ချောမောလှသော လူပျိုလူလွတ် ဆရာဝန်တစ်ယောက် ဖြစ်တာကတစ်ကြောင်း၊ လူနာများကို ပြုစုကုသရာမှာ နွေးထွေးကြင်နာမှုရှိသောကြောင့် လည်းကောင်း အမျိုးသမီးဆရာဝန်များနှင့် သူနာပြုများ၏ နှုတ်ခမ်းဖျားမှာ နေ့စဉ် သူ့နာမည် မပါမဖြစ် ရေပန်းစားသူတစ်ယောက် ဖြစ်၏။
“ တိုက်တိုက်ဆိုင်ဆိုင် အခုပဲ မေးနေတာ၊ ထွန်း
အခန်းဘယ်မှာလဲဆိုတာ ”သူမ၏ ပိုင်စိုးပိုင်နင်းဟန် စွက်နေသည့်လေသံကြောင့် သူ အနည်းငယ် အောင့်သက်သက်ဖြစ်သွား၏။ ရင့်ရင့်သီးသီး ပြောပစ်လိုက်မည်ပြင်ပြီးတော့မှ ပတ်ဝန်းကျင်အခြေအနေကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ပစ်လိုက်ရသည်။ ထို့နောက် သူမကို ဘာစကားမှမပြောဘဲ ခပ်စိမ်းစိမ်း ကြည့်လျက် ချာခနဲ လှည့်ထွက်လာခဲ့သည်။
ထိုအခါ သက်သက်ဝေ၏ မျက်နှာသည် ရေနွေးငွေ့ဖြင့် အပက်ခံလိုက်ရသလို ရှိန်းခနဲ ပူနွေးသွားရလေသည်။တကယ်တော့ သူမ ဤဆေးရုံရောက်လာသည်မှာ သူငယ်ချင်းတစ်ယောက်၏ ဖခင်ဆေးရုံတင်ထားရသဖြင့် လာရောက်သတင်းမေးမြန်းခြင်းကသာ အဓိကဖြစ်ခဲ့ပြီး အပြန်မှာ မောင့်ကိုတွေ့ကောင်းတွေ့နိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် ဝင်တွေ့လိုက်မည့် အစီအစဉ်က ဒုတိယဖြစ်ခဲ့သည်။ ရိုးသားပွင့်လင်းစွာ တစ်ခုဝန်ခံစရာရှိတာကတော့ ဆေးရုံတက်နေရသော လူနာ၏အခြေအနေကို သိချင်စိတ်ထက် မောင့်ကိုတွေ့ချင်စိတ်က သိသိသာသာ များနေခဲ့ခြင်းဖြစ်ပါသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student