Model Boy
Part - 1
ပြတင်းပေါက်မှ အလင်းရောင်အနည်းငယ်ဝင်နေသော အခန်းလေးအတွင်း ကောင်လေးတစ်ယောက် စိတ်ပျက်စွာထိုင်နေသည် ။ သူ့ ရှေ့တွင် ရှိနေသော မှင်ဆေးရည် အရောင်စုံဖြင့် ဟိုတစ်ကွက်ဒီတစ်ကွက်ဖြင့် ခြယ်ထားသော ပန်းချီကားတစ်ချပ်က သူ၏စိတ်ရှုပ်ထွေးမှုကို ဖော်ပြနေသလိုပင် ။
သူ ကျွတ်တစ်စက်သတ်လိုက်ကာ လက်ထဲမှာကိုင်ထားသော မှင်တံကို အောက်သို့ ခပ်ပြင်းပြင်းပစ်ချမိလိုက်သည် ။ ပေကျင်းမြို့၏ ပန်းချီကားဆိုင်ရာ ပြပွဲက နီးလာပြီ ။ သို့ သော် သူ့ ခေါင်းထဲတွင် ခုထိဗလာနထ္တိဖြစ်နေသည် ။
အံ့သြမိသည် ။ သူ့ လို နာမည်ကြီးတစ်ယောက်က ပန်းချီဆွဲဖို့ အတွက် ခေါင်းထဲဘာမှမရှိသည်မှာ တကယ်တော့ အံ့ကြဖို့ ကောင်းသည်ဟု သူထင်သည် ။ ပန်းချီသည် လက်တန်းရေးဆွဲလို့ မရမှန်း သူနားလည်သည် ။ အခြေအနေနဲ့အချိန်အခါသည် သူ့ အတွက် အခုချိန်မှာ လိုအပ်လာပြီဖြစ်သည် ။
အင်း .… ပန်းချီကောင်းကောင်းဆွဲလို့ ရနိုင်မဲ့ နေရာတစ်ခုတော့ တွေ့ကောင်းပါရဲ့ ။
အိမ်ရှေ့ဆီမှ ဘဲလ်သံကြားသည့်အခါ ခါးမှာပတ်ထားသော အဝတ်ကိုချွှတ်ကာ အခန်းထဲမှထွက်လာခဲ့သည် ။
" Ziyi … ရော့ ငါ့လက်ထဲက ဗူးတွေကူသယ်ပေးဦး "
မနိုင်မနင်းနှင့် အိမ်ပေါက်ဝမှာရပ်နေသည့် Fan Cheng Cheng ဆီမှ ဟင်းဗူးတွေအာ လက်ပြောင်းယူလိုက်ရင်း တစ်ဖက်ကလည်း တံခါးကိုပြန်ပိတ်လိုက်သည် ။
" မားမားကလည်း သူ့ သားအရင်းထက် ဘာမှမတော်တဲ့ ဒီသားအတွက်ပဲ စိတ်တွေပူပြီး ဟိုဟာပို့ ခိုင်းဒီဟာပို့ ခိုင်းနဲ့ …… "
မီးဖိုခန်းထဲ တန်းဝင်သွားသည့် Cheng Cheng ဆီမှ စကားသံက Ziyi နားထဲတိုးဝင်လာသည် ။ Ziyi နှုတ်ခမ်းကို လက်ဖြင့်အသာအုပ်လျက် ခပ်ဖွဖွရယ်ဖြစ်သည် ။
ဟုတ်ပါသည် ။ Ziyi သည် သူ၏ဝါသနာကြောင့် အလုပ်ကောင်းကောင်းလုပ်ဖြစ်ရန် ပေကျင်းတွင် တိုက်ခန်းဝယ်၍ တစ်ယောက်တည်းနေဖြစ်ခဲ့သည် ။ မိဘတွေနဲ့  ခွဲနေရသည့်သူ့ အတွက် ဒီရောက်မှခင်ဖြစ်ခဲ့သော သူငယ်ချင်းဖြစ်သည့် Fan Cheng Cheng ၏ မားမားက အမြဲတမ်းအတွက် စားစရာတစ်ခုမဟုတ် တစ်ခုအမြဲထည့်ထည့်ပေးသည် ။