မွေးနေ့ကိတ်
=======
ကျောင်းခေါင်းလောင်းထိုးတာနဲ့ သားက အိမ်ကိုထွက်ပြေးချင်နေတာ။ ဒါပေမဲ့ ဇာတိမာန်သီချင်းဆိုနေရတယ်။ သီချင်းကို လိုက်မဆိုပဲ ဘေးနားက အခြောက်မကို ဟဲ့ ဒီနေ့ ငါ့မွေးနေ့ သိလားလို့ သားပြောတယ်။ သူက မကြားဟန်ဆောင်ပြီး ငေးနေတယ်။ သူ့ကို ကျောင်းလာတိုင်း ပါးကွက်ကြီးကွက်ပြီး ကနွဲ့ကလျနဲ့ လျှောက်လို့တဲ့ အကုန်လုံးက အခြောက်မလို့ ခေါ်ကြတယ်။ ဆရာမကတော့ ပြောတယ်။ သူက အိမ်မှာ မိန်းမတွေနဲ့ချည်း နေရတာမို့လို့တဲ့။ မဆိုင်ပါဘူး။ သားတို့ လမ်းထိပ် အလှပြင်ဆိုင်က အခြောက်မကျ အကိုတွေနဲ့ပဲ နေတာကို။
ဒီနေ့အိမ်သာနားမှာ ဘိတ်ချီးတန်းက ကောင်တွေကအခြောက်မကိုဘောင်းဘီ ဝိုင်းချွတ်ပြီး သူ့ဂွေးစိကို ဆွဲကြတယ်။ အခြောက်မက ဘာမှ ပြန်မလုပ်ဘူး။ သားလည်း အစက ရပ်ပဲရပ်ကြည့်နေတာ။ အကုန်လုံးက ရယ်မောပြီး စနောက်နေတော့ သားလည်း ပျော်လာပြီး အခြောက်မကို ဝင်တွန်းတာ၊ အကျီကြယ်သီး တစ်လုံးပြုတ်သွားတယ်။ ကြည့်ရတာ ဒီကောင်မ အဲ့ကိစ္စကြောင့် သားကို စိတ်ကောက်နေတာ နေမှာ။နက်ဖြန်က သားမွေးနေ့လေ။ အာ့ကြောင့် သားအိမ်ကို အစောကြီး ပြန်ချင်နေတာ။ မွေးနေ့ကိတ်ဝယ်မလို့ ဟီးဟီး။ မနှစ်က သားတို့ သုံးတန်း၊ အဲ့တုန်းက အတန်းထဲမှာ ဦးကျွတ်ဖာသား ကမွေးနေ့ကိတ်ခွဲတယ်။ ဦးကျွတ်ဖာသားဆိုတာ သူ့အဖေက လေထိုးကျွတ်ဖာ ဆိုင်ဖွင့်ထားလို့ ဦးကျွတ်ဖာသားလို့ ခေါ်တာ။ သားတို့ ရပ်ကွက်က ကားမရှိတော့၊ ရှိလည်း ဝင်လို့ မရပါဘူး။ စက်ဘီးပဲ စီးကြတာ။ တရပ်ကွက်လုံးရဲ့ ဘီးမှန်သမျှ ဦးကျွတ်ဖာရဲ့ ဖာရာနဲ့ မကင်းဘူး။ အဲ့တော့ သူကအတန်းထဲမှာတော့ သူဌေးပေါ့လေ။
ဟော သီချင်းပြီးသွားပြီ။ ဒါပေမဲ့ A ခန်းကိုအရင် လွှတ်နေတယ်။ တစ်တန်းပြီးမှ တစ်တန်းတဲ့။ နေ့တိုင်း အဲ့လိုပါပဲ၊ ဒီနေ့မှ စိတ်မရှည်ဘူး ဖြစ်နေတာ။
အဲ မွေးနေ့တုန်းက ကိတ်မုန့်ခွဲတယ်လေ။ ဖယောင်းတိုင်ရောင်စုံတွေထွန်းပြီး၊ ကရင်တွေ ပန်းပွင့်ပုံလေးတွေ ဖော်လို့။ တစ်တန်းလုံးကို တဇွန်းစီ ကျွေးတယ်။ သားကိုတော့ မကျွေးဘူး။ နူနေလို့တဲ့ ရွံတယ်ဆိုပြီး မကျွေးဘူး။ တကယ်ကသားက မနူပါဘူး။ ပိုလီယိုကြောင့် အရိုးမသန်ပဲ ဘယ်ဘက် လက်ကောက်ဝတ်က အတွင်းထဲကို ကောက်နေတာ။ ဆရာမ က သားကို သူရတဲ့ တစိတ်ထဲက တဇွန်းကျွေးတယ်။ မကြိုက်ပါဘူး။ ဖွယ်တယ်တယ် ချွဲတဲတဲနဲ့၊ ဒါပေမဲ့ မွေးနေ့ကိတ်တော့ လိုချင်တယ်။ စားချင်လို့ မဟုတ်ဘူး။ မွေးနေ့ကိတ်ခွဲချင်တယ်။ ဖယောင်းတိုင်မီးထွန်း၊ ဘေးနားက သားသူငယ်ချင်းတွေက သီချင်းတွေဆို၊ လက်ခုပ်တီးပြီး ကိတ်မုန့်ကြီး ခွဲချချင်တာ။
အဲ့လိုသာဆိုရင် အတန်းထဲက သားသူငယ်ချင်းတွေလည်း ဟာ မွေးနေ့ကိတ်ပိုင်ရှင်ကြီးဆိုပြီး သားကို ခင်ကြလိမ့်မယ်။ အဲ့တာ မနှစ်ကပါ။ ဒီနှစ်တော့ ဘယ်သူမှ ကိတ်မုန့်မခွဲဘူး။ ဦးကျွတ်ဖာသားလည်း မခွဲဘူး။ သူ့အမေ ချဲထိုးတာ အကြွေးတွေတင်သွားတယ် ကြားတယ်။