အေးစိမ့်လာတဲ့ ခံစားချက်ကြောင့် စောင်ကိုရင်ဘတ်ထိဆွဲတင်လိုက်ရင်း ဆက်အိပ်ဖို့ပြင်လိုက်ပေမယ့် တဝေါဝေါ အသံတွေကြောင့် ဟိုလှည့်ဒီလှည့်နဲ့ ဆက်အိပ်လို့မရတော့..။
ရွာနေတဲ့မိုးက chae ကိုကြိုဆိုနေတဲ့ အလား သဲကြီးမဲကြီး..။ထထိုင်လိုက်ရင်း ဆံပင်တွေကိုခပ်ဖွဖွ သပ်ကာ chae အားရပါးရသမ်းလိုက်သည်။ မျက်လုံးကျယ်သွားလောက်ပြီ ဆိုကာမှ ဆိုဖာပေါ်ကဆင်းရင်း ပြတင်းပေါက်ဘက် ထလာလိုက်သည်။
ညနေဘက်ဆိုပေမယ့် ရာသီဥတုကြောင့် လိုတာထက်ပိုမှောင်နေသလို..။
ရုတ်တရတ် အာရုံထဲမှာပေါ်လာတာက သူ..။ တစ်ချက်ပြုံးရင်းနဲ့ပဲ သတိရမိပြန်သည်။ chae ပြန်ရောက်နေတာသာ သိရင် သူ့ကို ကြိုမပြောရကောင်းလားဆိုပြီး စူပုတ်ပုတ်ဖြစ်နေဦးမှာ အသေအချာ.. ။
ပြတင်းပေါက်ဘေး သွားရပ်ရင်း အပြင်ဘက်ကို ငေးကြည့်မိတော့ မိုးစက်တွေက မှန်ကိုလာရိုက်ခတ်သည်။ မှိုင်းညို့နေတဲ့ မိုးသားအောက်မှာ ထန်နေတဲ့ မိုးကြောင့် ဟိုယိမ်း ဒီယိမ်းဖြစ်နေတဲ့ သစ်ပင်တွေရယ် ကာလာစုံထီးတွေရယ်ကိုကြည့်ရင်း သူမပြုံးမိပြန်သည်။
မိုးရာသီကို အကြိုက်ကြီးမဟုတ်ပေမယ့် ဘယ်ကလာမှန်းမသိတဲ့ ခပ်ဆွေးဆွေးခံစားချက်တွေကို chae သဘောကျသည်။
ရေရေရာရာမရှိဘဲ လျှောက်ကြည့်နေရင်းက မျက်စိထဲဝင်လာတာက ကာကီရောင်ထီးတစ်ချောင်း..
သူမနေထိုင်ရာ condo ရဲ့ အဝင်ဝနားမှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်လုပ်နေတဲ့ ထီးတစ်ချောင်းနဲ့ လူတစ်ယောက်..။ သေချာလိုက်ကြည့်နေရင်းက မြင်လိုက်ရတဲ့ အဖြူရောင် ဖိနပ်လေးကြောင့် သူဆိုတာ သေချာသွားတော့..
ပျော်သွားတာ သေချာသလို ရယ်မိတာကလဲ အသေအချာ..။
အပေါ်ထပ်ဝတ်ရင်း အောက်ဆင်းခေါ်ဖို့လုပ်တော့ သူမ မသွားခင်ထဲက အစုံထိုးထည့်ခဲတဲ့ ပုံးတွေထဲမှာ ထီးကို ခဲရာခဲဆစ်ပြန်ရှာလိုက်ရသေးသည်။" Yarrr song mino "
မိုးရေထဲကအသံမို့ မပီပြင်...။ သူကတော့ခေါင်းကြီးငုံ့လျှောက်နေရင်း chae ကိုမတွေ့သေး..။ အမိုးအောက်ကနေ သူ့ဆီကိုစလျှောက်တော့ ရေစက်တွေက သူမခြေထောက်ကို လာစင်တာ စိမ့်ခနဲ။