ပင်းရှီ မျက်စိရှေ့က ရှီးဟာ အရင်လို ကပိုကရို အမည်းရောင် အင်္ကျီလေးနဲ့ မသေမသပ်ကလေး မဟုတ်တော့ဘူး။ ရင့်ကျက်ချင်ယောင် ဆောင်တဲ့ အပြုံးတစ်ဝက်နဲ့ ရှီးဟာ တင့်တယ်နေပြီ။ အရင်ကလိုလည်း ဆံပင်တွေကို မဖြီးမသင် မနေတတ် တော့ဘူး။ ပြောရရင် သိပ်ပြီး သပ်ရပ်ဟန်ဆောင် တတ်နေပြီ။
'မင်း ငါ့ကို နှင်ထုတ်နေတာ တကယ်ပါ လို့ ငါ့ကို မပြောပါနဲ့ ရှီး..'
ဒါပေမယ့် အရင်လိုပဲ ရှီးက သူ့ကို ကြောက်နေသေးပြီးတော့ နာကျင်နေသေးတယ် ဆိုတာ ရှီးရဲ့ မျက်ဝန်းတွေကနေ သိနိုင်တယ်။ ရှီး သူ့ကို ကြောက်နေ သေးတယ်။ ပင်းရှီ ရှီးကို မက်မက်မောမော ငေးကြည့်နေတယ်။ သူ့ရဲ့ လူသားလေးက ဘယ်တုန်းကမှ သူ့ကို မလိုလားခဲ့ဘူး။ အဲ့အတွေးက ပင်းရှီကို နာကျင်စေတယ်။ နာကျင်လွန်းလို့ ပင်းရှီ စကားတောင် မဆိုနိုင်ဘူး။
တကယ်ဆို ပင်းရှီဟာ တည်ဆောက်ပြီးသွားတဲ့ ကောင်းကင်နန်းတော်ကို ခြေချသင့်ပြီ။ ဟုန်လျန်ဟာ နေ့တိုင်း ပင်းရှီကို လာခေါ်နေတာ။ ကောင်းကင်နန်းတော်ကို ပင်းရှီ ရောက်တာနဲ့ ကောင်းမွန်တဲ့ အဆောင်အယောင်တွေ ရောက်လာမယ် ဆိုတာလည်း ဟုန်လျန်က ရှင်းပြပြီးသား။ ဒါပေမယ့် အခုထိ ပင်းရှီ ဒီရေခဲပြင်ကို လက်မလွတ်နိုင်သေးဘူး။ ဒီမှာ သူ့ရဲ့ လူသားငယ်လေးရှိတယ်။ သူတို့ နှစ်တွေ အများကြီး အတူတူ နေလာခဲ့ကြတာ။ သူ မခွဲရက်ဘူး။
'ရှီး..'
ပင်းရှီရဲ့ ခေါ်သံဟာ တိုးလွန်းလို့ တိမ်မြုပ် ပျောက်ကွယ် တော့မလိုပဲ။ ပင်းရှီရဲ့ ရင်ဘတ်ထဲမှာ နာလွန်းလို့.. ရင်ဘတ်ကို လက်နဲ့ ဆုပ်ကိုင်ထားတယ်။ ဒီနာကျင်မှုဟာ ပင်းရှီအတွက် ပထမဆုံးသော နာကျင်မှုပဲ။ ဒါပေမယ့် ပင်းရှီဟာ ရှီးရဲ့ စကားတစ်ခွန်းလေးနဲ့တင် ရှီးကို ခွင့်လွတ်ချင်နေတယ်။ ညာလိုက်တာ ဆိုရင်တောင် ယုံပစ်လိုက်ဖို့ တွေးထားတယ်။ ရှီးဟာ ဒီကလေးလေးကို လိုချင်တာ မှန်ပေမယ့် သူ့ကို မြေပြင်လောကကနေ နှင်ထုတ်တဲ့အထိ မုန်းသွားမယ်လို့ မထင်ထားမိဘူး။
ရှီးက နှုတ်ခမ်းတွေကို တင်းတင်းစေ့ ပိတ်ထားတယ်။ ရှီး ညာမှာ မဟုတ်ဘူး။ ဒီအပြုအမူရ သူ့ရဲ့ရှီးဟာ ကြားကောင်းတဲ့ စကားနဲ့ သူ့ကို ညာမှာ မဟုတ်မှန်း ပင်းရှီ သိလိုက်ပြီ။ ဒီနှစ်တွေမှာ ပင်းရှီဟာ ရှီးရဲ့ မျက်နှာကို အမြဲတမ်း အကဲခတ်နေခဲ့တာ။ အားလုံးကို အလွတ် ရနေပြီ။ ရှီးက ရေဆာရင် အောက်နှုတ်ခမ်းကို လျာနဲ့ သပ်တတ်ပြီး.. အိပ်ချင်ရင် မျက်လုံးတွေကို ကစား တတ်တာကအစ.. ကြောက်ရွံ့ ချိန်မှာ ကိုယ်လေး တုန်နေတတ်ပြီး.. ပျော်တဲ့အချိန်ဆို.. အပေါ်သွားနဲ့ အောက်နှုတ်ခမ်းတွေကို ဖိကိုက်ထားတတ်တာ အဆုံး သူအားလုံးကို အလွတ်ရတယ်။
YOU ARE READING
တစ်ခါတုန်းက ကောင်ကင်နန်းတော်မှာ...The Legend of Heaven
Romanceရေးသားသူ - စွဲညို့ သဘာဝတရားမိခင်ရဲ့ ပထမဆုံးသော သားတော်၊ ရေခဲနတ်မင်း ပင်းရှီ၊ သာမန်လူသားငယ်လေးကို နှစ်သက် သဘောကျသွားပြီးတဲ့နောက်မှာ လူသားသဘာဝတွေ ကင်းဝေးနေတဲ့ နတ်မင်းတစ်ပါးနဲ့၊ အနိမ့်စားအဆင့်သာ ရှိတဲ့ နတ်စွမ်းအားမဲ့ လူသားငယ်လေးတို့က ဘယ်လိုတွေ ချစ်ကြိ...