Chapter ( 31 ) 36*

32.4K 2.4K 11
                                    

စိုင်းမင်းခန့်သည် ဧည့်ခန်းက စားပွဲပေါ်တင်ထားသော ဖိတ်စာကိုအတန်ကြာကိုင်ငေးကြည့်ရင်း
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကနေ
တဆစ်ဆစ်နာကျင်လာသည်။
ပါးပြင်မှာ စီးကျလာသော မျက်ရည်တို့သည်
မေးစေ့ဖျားမှာစုကာ ဖိတ်စာပေါ်သို့ တပေါက်ပေါက် ကျလေသည် ။ ဆရာ့ မင်္ဂလာပွဲတဲ့။
သွားပြီပဲ ။ အရာအားလုံးပြီးဆုံးပြီပဲ။
ဒီလိုနေ့မျိုး ရောက်လာခဲ့လိမ့်မယ်လို့ စိုင်း
အတိအကျ သိနေခဲ့သော်လည်း တကယ်တမ်း ရင်ဆိုင်ရချိန်မှာတော့ မခံမရပ်နိုင်လောက်အောင် နင့်သီးစူးရှစွာ ခံစားရသည်။

ဆရာနဲ့ တီချယ်တို့ လက်မထပ်စေရဘူး။
လုံးဝ လက်ထပ်လို့ မဖြစ်ဘူး။
ဆရာ့ဘဝကို  သူမုန်းတဲ့မိန်းမတစ်ယောက်လက်ထဲကို လုံးဝ မပေးလိုက်နိုင်ဘူး။

ငါ တီချယ် နဲ့ အခုတွေ့မှဖြစ်မယ်။
နောက်ဆုတ်ပေးဖို့ ပြောမှဖြစ်မယ်။
စိုင်းမင်းခန့်သည် Joy ဆီသို့ ဖုန်းဆက်လိုက်၏
ဟိုတစ်ခါ Joy ပြောထားဖူးတယ်မဟုတ်လား။
ဒေါ်သက်သက်ဝေက သူ့အစ်မနဲ့ သူငယ်ချင်း။
သူတို့ ရပ်ကွက်ထဲမှာနေတာတဲ့။

“ အေး စိုင်းပြော ”

“ ကျနော် ဒေါ်သက်သက်ဝေတို့အိမ်ကို
သိချင်လို့ အကို ”

“ ဟင် ဘာဖြစ်လို့လဲ ”

“ ဒီလိုပဲ ။ ကိစ္စလေးတစ်ခုရှိလို့ပါ ”

Joy ဆီက လိပ်စာရတာနဲ့ သူ ချက်ချင်းပဲ ဒေါ်သက်သက်ဝေ ၏ အိမ်သို့ ကားကို ဝုန်းဒိုင်းမောင်းကာထွက်လာခဲ့၏။
ခြံရှေ့ကို ရောက်တော့ သူ Bell တစ်ချက်
နှိပ်လိုက်သည်။ ဘယ်သူမှထွက်မလာပါ။ သူ စိတ်မရှည်စွာ အချက်ပေါင်းများစွာနှိပ်တော့မှ အသက်ခပ်လတ်လတ် အိမ်အကူအမျိုးသမီးတစ်ယောက်ထွက်လာ၏။

“ ဘယ်သူလဲ ။ ဘယ်သူနဲ့ တွေ့ချင်လို့လဲ ”

“  ဒေါ်သက်သက်ဝေနဲ့ တွေ့ချင်လို့ပါ။
စိုင်းမင်းခန့်လို့ပြောလိုက်ရင် သူ သိပါတယ် ”

အိမ်အကူအမျိုးသမီး အိမ်ထဲသို့ ခဏဝင်သွားပြီး
မကြာခင်ပြန်ထွက်လာလေသည်။
ခြံတံခါးဖွင့်ပေးသောအခါ  စိုင်း စိတ်ကိုအသင့်ပြင်ထားလိုက်ပြီး အေးစက်နေသော လက်ဖဝါးတွေကို ပူနွေးလာအောင် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
အိမ်ထဲဝင်ခဲ့တော့ ဧည့်ခန်းမှာ အဆင်သင့် ထိုင်စောင့်နေသော သက်သက်ဝေကို စိုင်း ရုတ်ချည်းတွေ့ရ၏။ သူမက မထီမဲ့မြင်မျက်နှာထားဖြင့် စိုင်းကို မျက်မှောင်ကြုတ်၍ကြည့်နေပြီး  ထိုင်ပါဟု ယဉ်ကျေးဖွယ်ရာ စကားတောင်မဆိုချေ။ စိုင်းကလည်း စိတ်ပိုင်းဖြတ်လာခဲ့သည့်အတိုင်း အဆင်သင့်အနေအထားဖြစ်အောင် မထိုင်ဖြစ်ဘဲ ဧည့်ခန်းအလယ်မှာ မတ်တပ်ရပ်နေမိသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now