အပိုင်း-၎

12.8K 1.4K 93
                                    

ချစ်လှစွာသော အမတ်မင်း.. (အပိုင်း-၄)
@@@@@@@@@@@@@@@@@@
ငါမင်းကို ဧကရီရှာပေးဖို့ ပြန်လာတာ
@@@@@@@@@@@@@@@@

ဘယ်ဘက်ကနေ ရွေ့လျားလာပြီး ဘယ်ဘက်ခြေထောက်ကို ပိုပြီး အားပြုထား၏။ ညင်သာသော လှုပ်ရှားမှုအရ သိုင်းပညာအဆင့်က မြင့်မားမှန်း သိသာသည်။ ပြီးတော့ သူတစ်ပါး အိမ်ကို ဝင်လာပြီး ကြောက်ရွံ့ခြင်း မရှိသည့်အပြင် အိမ်တော်၏ အနေအထားကို အကျွမ်းဝင်နေခြင်းက ကျင်းဝမ်ကို သိသောသူ ဖြစ်နိုင်သည်။ မကြောက်တတ်ဘူး အိမ်တော်ကို အကျွမ်းဝင်ပြီး လူတွေ မသိအောင် လာတယ် ဆိုခြင်းအရ ထိုသူက လူအများ လှုပ်လှုပ်ရှားရှား ဖြစ်စေနိုင်သော သူ ဖြစ်နိုင်သေးသည်။ နောက်ဆုံးအချက်အရ ကျင်းဝမ် ရေစည်အတွင်းမှ ထရပ်လိုက်ပြီး အတွင်းအင်္ကျီစိုနေသော အပေါ်မှ အပေါ်ရုံကို လှမ်းဆွဲကာ ရုံလိုက်သည်။

"စူးအာ မင်းငါ့ဆီကို သူခိုးလို လာဖို့ လိုလို့လား"

မေးလိုက်တော့လည်း ခပ်သဲ့သဲ့ လှောင်ပြောင် ရယ်လိုက်သံက အမှောင်ထဲကနေ တိုးတိုး သဲ့သဲ့လေး ထွက်လာသည်။ ကျင်းဝမ် ရေစည်ထဲကနေ ထွက်လိုက်ပြီး ရေစိုလက်စနှင့်ပင် ရေဖြင့်ပက်၍ ငြိမ်းလိုက်သော မီးတိုင်ကို ပြန်ပြီး ထွန်းညှိလိုက်သည်။ အနောက်ကို လှည့်ကြည့်လိုက်တော့ ကျင်းဝမ်အား စူးရဲစွာ ထွင်းဖောက်လုမတတ် ကြည့်နေသော လူရမ်းကားလေးကို မြင်လိုက်ရ၏။ ကျင်းဝမ် တစ်ချက်မျှသာ စိုက်ကြည့်လိုက်ပြီး အကြည့်ပြန်လွဲလိုက်သည်။

သို့သော် အခြေအနေ အားလုံးကို သုံးသပ်ပြီးသား ဖြစ်သွား၏။ နှာဝသို့ တိုးဝင်လာသော မိန်းကလေးသုံး မျက်နှာချေ၏ မွှေးရနံ့အရ ဒီလူရမ်းကားလေးက မိဖုရားတစ်ပါးပါးရဲ့ နန်းဆောင်ကနေ ပြေးလွှားလာခဲ့ဟန် တူသည်။ အပေါ်ရုံကို သေချာ စည်းနှောင်ထားပေမယ့် အောက်ခံ ဝတ်လဲတော်က လည်ပင်းသားတွေ မညီမညာဖြစ်နေခြင်းအရတော့ အိပ်ရာပေါ်ကနေ ခုန်ထလာတာ ဖြစ်နိုင်သည်။

"စူးအာ မင်းကို စောင့်နေမယ့်သူ ကျန်နေခဲ့မယ် ထင်တယ် မင်း မြန်မြန် ပြန်သင့်တယ်"

ကျင်းဝမ် ပြောလိုက်သော စကားကို အရေးမပါသော ဟန်ပန်ဖြင့် ရေချိုးခန်းအတွင်းရှိ တစ်ခုတည်းသော သစ်သားပန်းကနုတ်တွေ ထွင်းထားသည့် သလွန်ကဲ့သို့ ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ကျင်းဝမ်ကို အသေအချာ စူးစိုက်လျက် ကြည့်သည်။ ကျင်းဝမ် အဲ့ဒီအပြုအမူတစ်ခုချင်းကို လိုက်ကြည့်နေမိပြီးမှ ပြုံးလိုက်သည်။ ဒီကလေး ငယ်တုန်းက အတိုင်းပဲ ကျင်းဝမ်ကို မျက်ခြေမပြတ် အကဲခတ်တတ်တုန်းပဲ။

ချစ်လှစွာသော အမတ်မင်း၊ Oh! My Dear MinisterWhere stories live. Discover now