Landon မြို့၏ ညနေခင်းမှာ အနည်းငယ်တော့ ဆွေးမြေ့စရာကောင်းလှသည်။ ဆေးရုံမှ ဂျူတီပြီးသည်နှင့် Stephi တိုက်ခန်းသို့ တန်းပြန်လာခဲ့သော်လည်း လမ်းတစ်လျှောက် ကားပေါ်တွင် အတွေးပေါင်းများစွာဖြင့် သက်ပြင်းအခါခါ ချမိသည်။
သူ နေလို့မှအဆင်ပြေရဲ့လား။ ချစ်ရတဲ့ ကြယ်ကလေးလိုလူသားလေးတစ်ယောက် နေလို့ရောကောင်းရဲ့လားလေ။ ဖုန်းဆက်လိုက်ရမည့်အစား၊ စာပို့လိုက်ရမည့်အစား သတ္တိမဲ့စွာဖြင့် မှတ်စုတွေသာ ရေးဖြစ်သော သူမကို Taeyeon ဘက်ကရော အခုလို သတိရနေပါ့မလား။
သူ့ကို ပြောပြချင်သမျှအကြောင်းတွေအကုန်လုံးကို မှတ်စုထဲရေးဖြစ်သည်။ ဆေးရုံမှာ ပင်ပန်းရတာတွေထက် သူ့အကြောင်းတွေးမိ၊ သူ့ကိုသတိရမိလျှင် ပိုပင်ပန်းရသည့်အကြောင်း။ တစ်ရက်နှင့်တစ်ရက် သူမပါဘဲ ဖြတ်သန်းနေရသည့်အတွက် အလွန်ခက်ခဲသည့်အကြောင်း။ Krystal နှင့်လည်း အတော်ပင်ရင်းနှီးနေကြပြီး သူမတို့အကြောင်းများကို ရင်ဖွင့်ဖြစ်သည်ဆိုသည့်အကြောင်း။ ဖုန်းဆက်ချင်၊ သူ့အသံကိုကြားချင်၊ သူ့ဘက်ကအခြေအနေလေးတွေကိုသိချင်သော်လည်း သူမ မဟုတ်သည့် အခြားလူတစ်ယောက်နှင့် သူ၏အိမ်ထောင်ဘဝကို ဖြတ်သန်းနေလျှင်ရောဟူသည့်အတွေး။ သိပ်ကိုခြောက်ခြားစရာကောင်းလှသည်။
သူ့ကိုမှမဟုတ် ကိုရီးယားတွင်ကျန်ခဲ့သည့် မည်သူ့ကိုမှ အထူးတလည်မဆက်သွယ်ဖြစ်ပါ။ မိသားစုနှင့်တောင် တစ်လတစ်ခါလောက်သာ စကားပြောဖြစ်သည်။ သူမ၏အစ်ကိုကတော့ ကိုရီးယားမှအခြေအနေများကို အမြဲတမ်းသတင်းပို့လေ့ရှိသော်လည်း Taeyeon အကြောင်းတော့မပါပါ။ 'Taeyeon ဘာတွေလုပ်နေသလဲဆိုတာ သူ့မိဘတွေတောင် မခန့်မှန်းတတ်တော့ပါဘူးဟာ' ဆိုသော သတင်းတစ်ခုကိုတော့ ရဖူးပါသည်။ ထို့နောက်တော့ အစ်ကိုလည်း ကောင်မလေးရသွားသဖြင့် သူ့အချိန်များကို ထိုကောင်မလေးနှင့်သာ ကုန်နေပုံပေါ်သည်။
Stephi အခုတလောတော့ ပန်းချီကားများကိုစိတ်ဝင်စားနေမိသဖြင့် ပြခန်းများ လျှောက်သွားဖြစ်သည်။ တစ်နှစ်.. တစ်နှစ်တဲ့။ အချိန် ၁၂လလောက်ဟာ အနည်းဆုံးတော့ ကိုယ့်ဘဝနဲ့ကိုယ်နေသားကျဖို့အတွက် သင့်တော်ပါတယ်လေ။ အခုတော့ အဲ့လိုမဟုတ်ပါလား။ Stephi ဟာ ရှေ့လည်းမတိုးရဲ၊ နောက်လည်းမဆုတ်နိုင် အခြေအနေမျိုးတွင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေမိပြီလေလား။
VOUS LISEZ
Unlimited
Fanfictionကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡