Stephi ၏အသံကိုကြားကြားချင်း Taeyeon က အလောတကြီးပင် ဆတ်ခနဲလှည့်ကြည့်လာသည်။ အံ့အားသင့်ကာ ဝိုင်းစက်နေသော သူ့မျက်လုံးကလေးများကို အသည်းယားသဖြင့် Stephi ပြုံးလိုက်မိသည်။
"Stephi... ပြောတော့ မလာဘူးဆို"
ခြေလှမ်းကို နောက်သို့ဆုတ်ကာ မေးလာသည့် သူ့ခန္ဓာကိုယ်ကလေးမှာ ဝရန်တာလက်ရန်းနှင့် ထိကပ်နေပြီ။ တစ္ဆေတစ်ကောင်ကိုမြင်နေရသကဲ့သို့ သူ Stephi ကို ကြည့်နေပါသည်။
"မဟုတ်ပါဘူး။ ငါလူနာတစ်ယောက်ကို အရေးပေါ်ဝင်ခွဲပေးလိုက်ရလို့ နောက်ကျသွားတာ"
"ဒါဆိုလည်း နောက်ကျမယ်ဆိုပြီးပြောပေါ့"
မျက်မှောင်ကိုကြုတ်၍ နှုတ်ခမ်းလေးက အနည်းငယ်ချွန်ထွက်လာသည့် Taeyeon ကို Stephi ခံနိုင်ရည်အားကောင်းစွာဖြင့် ရပ်ကြည့်နေရပါသည်။
"ဘာနေနေ ငါအခုရောက်လာပြီပဲ"
"အင်း"
စကားနည်းသည့် Taeyeon ပီသစွာ ဘာမှထပ်မပြောလာတော့ပါ။ နှစ်ယောက်သား ဝရန်တာ၌ပင် ဘေးချင်းယှဉ်ရပ်၍ တိတ်ဆိတ်နေမိကြသည်။ ပြောစရာတွေများပြားလွန်းနေသော်လည်း ဘယ်ကစပြောရမလဲမသိပါ။ သူမ လွမ်းခဲ့ရသည့်လွမ်းခြင်းကို "လွမ်းနေခဲ့တာ" ဟူသည့် စကားက လုံလောက်စွာဖော်ပြနိုင်ပါ့မလား။ သူ့ဘက်ကရော ဘာမှပြောစရာမရှိဘူးများလား။
"Taeyeon"
"အင်း"
"ငါ့ကိုဘာမှပြောစရာမရှိဘူးလား"
သူက တိတ်ဆိတ်နေဆဲပင်။ ပြန်လာခဲ့ရတာ အချည်းနှီးပင်ဖြစ်လိမ့်မည်ဟု ကြိုတင်ပြင်ဆင်လာခဲ့ပါသော်လည်း ယခုလို ရောက်သည်နှင့်ဖြစ်မည်လို့တော့ မထင်ထားခဲ့ပါ။
"လွမ်းတယ် Stephi ငါနင့်ကိုအခုမြင်နေရတာတောင် လွမ်းနေတုန်းပဲ။ ငါဘယ်လိုလုပ်ရမလဲ"
ဒီတစ်ခါ တစ္ဆေတစ်ကောင်ကိုမြင်သလိုဖြစ်သွားရသည့်သူကတော့ Stephi ကိုယ်တိုင်ပင်။ အဲ့စကားတွေဟာ Taeyeon ပါးစပ်ကထွက်လာသည်ဆိုတာတောင် မယုံနိုင်။ မျက်ရည်များရစ်သိုင်းလာသည်ကို သူလည်းမြင်ပါလိမ့်မည်။ မျက်ရည်များကြားမှ ဟက်ခနဲရယ်ချကာ သူ့ကို ရင်ခွင်ထဲထည့်၍ တင်းကျပ်နေအောင် ဖက်ထားလိုက်မိသည်။
YOU ARE READING
Unlimited
Fanfictionကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡