ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၃)
@@@@@@@@@@@@@@@@
မငိုပါနဲ့၊
@@@@
'မင်းတို့ မျက်နှာပြောင်တိုက်ပြီး အဆုံးထိ ရှိနေအုံးမယ်လို့ ငါထင်နေတာ' တဲ့လေ။ ဘယ်သူကများ ကိုယ်မပါဝင်တဲ့ အချစ်ငှက်တွေ မြူးရာမှာ ထိုင်ကြည့်နေချင်မှာလဲ။
ဟန်ဘုရင်မ ယူရှင်း၏ တဲနန်းအတွင်းမှ ထွက်လာခဲ့ပြီးတော့မှ စူးအာ ခြေလှမ်းကျဲကျဲတို့ဖြင့် ကျင်းဝမ် ရှိရာသို့ ဦးတည်၍ သွားလိုက်သည်။ ကျင်းဝမ်က တဲအတွင်းဝယ် မငြိမ်သက်သော ခြေလှမ်းတို့ဖြင့် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် စူးအာ ဝင်သွားတော့ ကျင်းဝမ်က အနားသို့ တိုးလာပြီးမှ
'ဒေါ်လေးနဲ့ စကားများသေးလား'
များတယ်လို့ ဖြေရမလား၊ မများခဲ့ဘူးလို့ ညာလိုက်ရမလား၊ စူးအာ ကျင်းဝမ်အား အသာအယာ ထွေးပိုက်လိုက်ပြီးမှ မေးဖျားကို ပုခုံးတွင် ထောက်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ မညာချင်လို့ ဖြေလိုက်သော်လည်း မသွားခင်က မှာကြားထားခဲ့တာကို မလုပ်လာဘူးဟု ပြစ်တင်ပြောဆိုမည်ထက် စကားနားမထောင်းဘူးဟု တွေးကာ ဝမ်းနည်း ငြိမ်သက်သွားမည်ကို ပိုပြီး စိုးရိမ်မိသည်။ သို့သော် မညာချင်သော စိတ်က သာလွန်သည်မို့
'အင်း နည်းနည်း'
'စူးအာ မင်းဟာလေ ဒေါ်လေး စိတ်ဆိုးသွားလား'
'အဲ့ဒါတော့ မသေချာဘူး ဟန်ယူရှင်း ဘုရင်မက အမြဲတမ်း အနိုင်နဲ့ပိုင်းပြီးတော့ နေတဲ့ မျက်နှာထားနဲ့ ဆိုတော့ ဖတ်ရခက်တယ်'
'ဒေါ်လေးက ပြောတယ် နောက်နှစ်ရက် ဆိုရင် ပြန်တော့မယ်တဲ့'
'အဲ့ဒီတော့ မင်း ဟန်နန်းတော်ကို ပြန်သွားချင်တာလား ဝမ်'
ကျင်းဝမ် ခပ်ဖြည်းဖြည်း ခေါင်းယမ်းလိုက်သည်။
'ဒေါ်လေးက လျန်ကို ပြန်ပါလို့ ပြောတယ်'
'မင်းရဲ့အဒေါ်က အဲ့လို မပြောရင် မင်းက ဟန်အထိ လိုက်သွားမလို့လား'
'ဒေါ်လေးက အရမ်း ဖြူဖျော့နေတယ်၊ ဒေါ်လေးကို ဒီလိုပုံစံနဲ့ မမြင်ဖူးဘူး၊ တစ်ခုခု ကြီးကြီးမားမား ရှိနေသလိုပဲ'