မောင် နဲ့ ပြန်တွေ့ရတော့မည် ဆိုတဲ့ အသိက သူ့စိတ်အစုံကို ဆယ်ကျော်သက်တစ်ယောက်လို မြူးထူးစေသည်။ မိန်းကလေးမဟုတ်ပေမယ့် မိန်းကလေးတစ်ယောက် ပထမဆုံးသူ့ချစ်သူနဲ့ ချိန်းတွေ့ရသလို ရှက်သွေးဖြာစေသည်။ မောင် အခုချိန် ဘယ်လိုပြောင်းလဲသွားပြီလဲ...။
အရင်ကလို ချစ်စရာကောင်းနေတုန်းပဲလား...။အို!
အရင်လို ချစ်ဖို့မကောင်းလည်း သူကတော့ ချစ်နေဦးမှာပဲ...။
ထိုလူသားသည် မောင် ဖြစ်နေသည့်အတွက်...။ကားမောင်းနေသည့် သူ့မျက်နှာတွင် ဖုံးဖိမရအောင် ပျော်ရွှင်မှုတို့ နေရာယူလျက်။
ကားပြတင်းမှန် ချလိုက်တော့ မြင်နေရတဲ့ စိမ်းစိမ်းစိုစို နွေစပါးစိုက်ခင်းများက ကြည်နူးဖွယ်အတိ။ ပြတင်းပေါက်ကနေ ဝင်လာတဲ့ လတ်ဆတ်တဲ့လေအေးနုများက သူ့မျက်နှာထက်က အပြုံးပန်းတို့ကို ပိုမိုလန်းဆန်းစေရန် အားပေးနေသယောင်...။
နောက်ဆုံးတော့ ဒီနေရာလေးကို အချိန်အတော်ကြာမှ ပြန်လည်ခြေချခွင့်ရခဲ့လေပြီ...။
ဆိုးလ် ကနေ ၂ နာရီကျော်လောက် ကားစီးပြီးမှ ဒီခြံလေးကို ရောက်နိုင်သည်။ခြံဘေးနားတွင် ကားရပ်လိုက်ကာ ကားပေါ်မှဆင်း၍ ခြံနာမည်အား ဖတ်ကာ သူ
ကျေနပ်စွာပြုံးလိုက်သည်။"CHAN & DI Organic Farm "
ဒီနာမည်ကို ကြည့်ရုံနဲ့ မောင် သူ့ကို ဘယ်လောက်ချစ်မှန်း ပေါ်လွင်နေသည်။
တောင်းပန်ပါတယ် မောင်!
မောင့် ဘေးနား အကြာကြီးမနေနိုင်ခဲ့တဲ့အတွက်။ အခုချိန်ကစပြီး မောင့် ဘေးနားမှာ ကပ်ပါးတစ်ကောင်လို တွယ်ကပ်နေတော့မှာမို့...။ခြံရှေ့က ဘဲလ် ကို တစ်ချက်နှိပ်လိုက်ပေမယ့် ဘယ်သူမှ တံခါးလာမဖွင့်ပေးသေး ။ နောက်တစ်ခေါက်နှိပ်ရန် လက်အလှမ်း ဖြည်းညှင်းစွာ ပွင့်လာသော ခြံတံခါးလေး....။
ထိုတံခါးအနောက်ကတော့ သူ့ရဲ့ မောင်!
"မောင်!!!"
သူ ခေါ်လိုက်တဲ့အခါ သူ့ကို အေးအေးဆေးဆေးပြန်ပြုံးပြလာသော မောင် ကြောင့် သူ့ စိတ်ထဲ စိုးရိမ်သွားသည်။