[ZAWGYI]
တချို့ မနက်ခင်းတွေမှာ Luhan နိုးနိုးချင်း ခေါင်းအုံး၏ အခြားတစ်ဖက်သို့ ပြန်လှည့်ကာ အိပ်မိတတ်သည်။ အထူးသဖြင့် အရက်အများကြီး သောက်ထားမိသည့် မနက်ခင်းတွေဆို ခေါင်းကိုက်လွန်း၍ ထပင်မထချင်။ သို့သော် ဒီနေ့တော့ အဲ့လိုလုပ်၍ မဖြစ်ပါ။
Luhan ထထိုင်ရင်း တတီတီမြည်နေသည့် နှိုးစက်ကို လိုက်ရှာမိသည်။ ခါတိုင်းဆို သူ့အိပ်ရာဘေးမှ ခုံပေါ်တွင် ရှိနေတတ်သည့် နှိုးစက်က ဒီနေ့တော့ ဘယ်ရောက်နေသည် မသိ။ ပြီးတော့ ခါတိုင်းဆို နားစည်တွေ ကွဲထွက်လောက်အောင် ကျယ်သည့်အသံက အခုတော့ သိပ်မကျယ်။
Luhan ကုတင်ပေါ်က မဆင်းဘဲ ကုတင်အောက်သို့ ခေါင်းထိုးကာ ကြည့်မိလိုက်သည်။ ဖုန်တွေကလွဲပြီး ဘာမှမရှိ။ သူအားတဲ့နေ့တစ်နေ့ သန့်ရှင်းရေးလုပ်မှ ဖြစ်မည်။ အခု လောလောဆယ်တော့ အဲ့နှိုးစက်ကို ပိတ်ရမည်။
Luhan မတ်တပ်ထရပ်ရင်း အကြောဆန့်ကာ သူ့နှိုးစက်ကို ရှာပုံတော်ဖွင့်ရသည်။ သူ့တိုက်ခန်းက ဘယ်လောက်မှသာ မကျယ်တာ၊ ပရိဘောဂတွေရော တခြားပစ္စည်းတွေရောနှင့် ကြပ်ပြည့်သိပ်နေသည်။ သူနောက်ဆုံး အခန်းရှင်းထားတာ ဘယ်နေ့ကပါလိမ့်။
"အာဟား! တွေ့ပြီ!"
Luhan အသံကြားသည့်အတိုင်း တိုက်ခန်းတံခါးနားဆီ ရောက်တော့မှ ကြမ်းပြင်ပေါ်တွင် လဲနေခဲ့သည့် အနီရောင် နှိုးစက်ကို တွေ့သည်။ သူနှိုးစက်ကို ပိတ်ပစ်လိုက်မှပင် နားချမ်းသာရာ ရသွားတော့၏။
Luhan မျက်နှာသစ်ရန် ရေချိုးခန်းဆီ သုံးလေးလှမ်း လျှောက်သွားပြီးမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်မိသည်။ သူ့ဆိုဖာပေါ်တွင် လူတစ်ယောက်ရှိနေသည်။ သူ့စောင်ကို ခြုံထားသော်လည်း ခြေထောက်နှစ်ချောင်းက လက်ရန်းပေါ်တွင် ဆန့်လျက်သားကြီး။ အိပ်ပျော်နေသူကို မြင်တော့ Luhan မျက်မှောင်ကြုတ်မိလိုက်၏။
"Oh Sehun?"
×××
ထိုနေ့က ရာသီဥတု တော်တော်သာယာခဲ့တာ Luhan မှတ်မိသည်။ ကောင်းကင်ပြာပြာတွင် တိမ်ဆိုလို့ တစ်မျှင်တစ်လွှာတောင် မတွေ့ရ။ မှတ်မှတ်ရရ Luhan ထိုနေ့က ခေါင်းကိုက်နေခဲ့သော်လည်း ရုံးတက်ချိန် နောက်မကျခဲ့ပါ။
YOU ARE READING
Partner x Partner [HunHan]
FanfictionDetective Oh is his partner and nothing more. Or so, Luhan thought. --- One-shot written for "Everlasting Maple."