အေးစက်စက်ဆောင်းလေက တသုန်သုန်တိုက်နေသည်။ အနောက်ဘက်တောရိုးလေးရဲ့ ထိပ်ဖျားမှာ မေးတင်ချိတ်တွယ်နေသော အနီရောင်နေဝန်းက ထင်းရှူးတန်းပေါ်မှာ နီညိုရောင်ရောင်စဉ်တွေ ဖြန်းပက်လို့။ မြို့တံတိုင်းအပြင်မှာ လူပေါင်းများစွာနှင့် မြင်းဟီသံတွေ။ တိုက်ပွဲဝင်တော့မည့် စစ်သားတို့၏ စကားသံတွေက ခပ်ကျယ်ကျယ်။ လိုက်ပါပို့ဆောင်ကြသည့် အိမ်သူကြင်ဖော်မိသားစုဝင်တို့၏ နှုတ်ဆက်သံက ခပ်တိုးတိုးနှင့် လေထုအကြား ပျံ့နှံ့နေသည်။ တိမ်တောက်သောဆည်းဆာအောက်တွင် Kharis ၏ တပ်သားဝတ်စုံအပေါ်မှာလွှမ်းထားသော နီညိုရောင်ရင့်ရင့်သင်တိုင်းလွှာက တဖြတ်ဖြတ် လွန့်လူးလို့။ ရှေ့တည့်တည့်တွင်ရပ်နေသည့် ချစ်ရသည့် မိန်းကလေး Myrin ၏ ဖြူနုနုမျက်နှာထက်မှ မျက်ရည်စတို့ကို သူလက်ဖြင့်အသာဖယ်ပေးဖို့ ကြိုးစားသော်ငြားမအောင်မြင်ပါ။
"အစ်ကိုတို့ စစ်သားတွေကို Myrin တကယ်နားမလည်နိုင်ဘူး... တကယ်ဆို Myrin တို့မှာ စားသောက်စရာအလုံအလောက်ရှိပြီးသား ထွန်ယက်စရာလယ်တွေလဲ ရှိပြီးသား.. ဘာလို့များ သူများတိုင်းပြည်ကို တိုက်ခိုက်ပြီး လုယူချင်ကြမှန်း Myrin တော့ မသိပါဘူး ဒါပေမယ့်အစ်ကိုရယ် Myrin အစ်ကို့ကိုတော့ ဘေးမသီရန်မခပြန်လာစေချင်တယ်.."
လက်မှာဝတ်ဆင်ထားသည့် ကြေးနန်းခတ်လက်အိတ်ကို Kharis စူးစိုက်ကာကြည့်မိသည်။ မိမိအမြဲဂုဏ်ယူရသော စစ်သားတစ်ဦး၏ အဆောင်အယောင်သည် ချစ်သူမိန်းကလေး၏ မျက်ရည်ကိုသုတ်ပေးဖို့အတွက်မဟုတ်ပါ။ သူသိတာက စစ်တိုက်မည်။ သူတို့ပိုပြီးကြွယ်ဝချမ်းသာလာလျှင် အနာဂတ်တွင် သူနှင့် Myrin ၏ ရင်သွေးတို့အတွက် ပိုမိုသာယာသောဘဝကို ပိုင်နိုင်လိမ့်မည်။ ငိုကြွေးနေသော Myrin ကို ချော့မော့ရသည်က သူ့အတွက်အနှောင့်အယှက်မဖြစ်ပေမယ့် စစ်တိုက်ထွက်မည့်ချစ်သူအတွက် ဂုဏ်ယူနေခြင်းမျိုး ရှိမနေသည်ကိုတော့ သူသဘောမတွေ့ပါ။ သို့သော် စစ်ထွက်ခါနီး ကြည်လင်နေသောစိတ်ကို သူ မပျက်စီးစေချင်သည်မို့ စကားအလှတွေပြောကာ ချော့ရပါဦးမည်။