Miracle in the Rain

483 64 19
                                    

မှတ်​မှတ်​ရရပါပဲ။ အဲဒီ့နေ့က မိုးရာသီရဲ့ပထမဆုံးနေ့လေ။မနက်​ကတည်းက မိုးတွေအုံ့ပြီး ရာသီဥတုကအေးစက်​နေတာပေါ့။သိပ်​အပျင်းကြီးတဲ့ကျွန်​မ ဒီနေ့တော့ အရေးတကြီးပေါ်လာတဲ ​ကျောင်းကိစ္စအတွက်နဲ့ မြို့ထဲသွားခဲ့ရတယ်​။

ကိစ္စတွေပြီးသွားတော့ သတိထားမိလိုက်တာက ကျောင်းနားမှာ Cafe အသစ်​လေးဖွင့်ထားတာပဲ။။Cafe အသစ်မှာ ပထမဆုံးCustomerအဖြစ်​ Black Coffee တစ်​ခွက်​ကိုဝယ်​သောက်​လိုက်​သေးတယ်​။ကော်ဖီအနံ့ရယ် ပေါင်မုန့်နံ့သင်းသင်းလေးတွေရယ်က တကယ်ကို စိတ်ချမ်းသာစရာကောင်းပြီး ကြည်နူးစရာကောင်းနေတာပဲ။

Cafeထဲ ထိုင်​နေရင်း အပြင်ဘက်ကိုငေးကြည့် Piano သံလေးကို နားထောင်နေရင်း မိုးဖွဲလေးတွေကျလာတာကိုသတိထားမိတာပဲ။ဒီနှစ်ရဲ့ ပထမဆုံး မိုးစက်လေးက ကမ္ဘာမြေပေါ်ကျဆင်းလာခဲ့တယ်။နှစ်တစ်နှစ်ရဲ့ ပထမဆုံးမိုးရေစက်​တွေကြားထဲ ဖူးစာရှင်​ကို တွေ့မယ်​ဆိုတဲ့ အဘွားရဲ့ ယုံတမ်းစကားကိုတောင်​မဆီမဆိုင်​ကျွန်​မသတိရမိသေးတယ်​။

သိပ်​မကြာခင်​မှာပဲ မိုးဖွဲလေးတွေကျတဲ့ အဆင့်​ကနေ မိုးက ပိုပိုပြီး သည်းလာခဲ့တယ်​။။အဲ့ဒီ့အချိန်​မှာပဲ ကျွန်​မသတိရလိုက်​တာက ညနေသင်​တန်းအမှီ အိမ်​ပြန်​ရမယ်​ဆိုတာပဲ။ ၂ခါတောင်​မတွေးနေတော့ဘဲ အိတ်​ထဲက ထီးကိုထုတ်​ပြီး အပြင်​ကို ပြေးထွက်​လာမိတယ်​။

မှတ်​တိုင်​ကိုရောက်​ဖို့ Cafeကနေ ၁၀မိနစ်​လောက်​လမ်းလျှောက်​နေရင်း မရောက်ခင်လမ်းကြားမှာပဲ မိုးက ပိုပိုသည်းလာပြီး လေတွေပါကြမ်းလာတယ်​။ အရှေ့ကိုတောင်​ မနည်းကြည့်​ရတဲ့ အခြေအနေမှာတစ်​ကိုယ်​လုံးလည်းမိုးရေတွေ ရွှဲ ၊ ခိုက်​ခိုက်​တုန်​နေပြီး ကြွက်​စုတ်​ရုပ်​ဖြစ်​နေတဲ့ကျွန်​မ ကံထပ်​ဆိုးချင်​တော့ ဆောင်းထားတဲ့ ထီးကပါ လေအတိုက်​မှာ ကျိုးသွားတယ်​။

ပထမဆုံးအကြိမ်​ ဒီလို ရုပ်​ပျက်​ဆင်းပျက်​ တစ်​ယောက်​တည်း ဒုက္ခရောက်​ရတာဆိုတော့ အားရပါးရ မိုးရေတွေကြား စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေမိကော။ ဖုန်းထုတ်ဆက်လို့လည်းမရ ၊ မိုးခိုစရာနေရာလည်းမရှိ ၊ တစ်ကိုယ်လုံးလည်း ကြွက်စုတ်ရုပ်ပေါက် ၊ စိတ်ဓာတ်ပါကျသွားတဲ့ ကျွန်မပုံကအဲ့အချိန်မှာ တော်တော်ကို သနားစရာကောင်းနေမှာ အမှန်ပဲ။

အဲ့အချိန်မှာ ကိုယ်ပေါ်ကိုကျနေတဲ့ မိုးရေစက်ကျမလာတော့တာကို သတိထားမိမိချင်း အပေါ်ကိုမော့ကြည့်လိုက်မိတယ်။ စိတ်ထဲတော့ ရယ်ချင်သလိုဖြစ်သွားသား။ငိုမဲ့မဲ့ဖြစ်နေရင်းမိုးရေတွေကြား အလုပ်​များနေတဲ့ ကျွန်​မနားအ​ခြားတစ်​ယောက်​ရောက်​လာတာတောင်​ မသိခဲ့ဘူးလေ။

လောကကြီးမှာ သူများဒုက္ခရောက်တာကို လျစ်လျူမရှုတတ်တဲ့ လူသားတစ်ယောက်က တစ်ချက်ရယ်လိုက်ရင်း သူ့အိတ်​ထဲက ထီးကို ထုတ်​၊ လက်​တစ်​ဖက်​တည်းနဲ့ ဖွင့်​ပေးပြီး ကျွန်​မလက်​ထဲ ထည့်​ပေးလိုက်​တယ်​။

အံ့သြလွန်းလို့ အူကြောင်ကြောင်ငေးကြည့်နေတဲ့ကျွန်​မကို "ယူလိုက်လေ"လို့တောင်ပြောလိုက်သေးတယ်။ဒီကောင်လေးရဲ့ ပြုံးလိုက်တဲ့ မျက်နှာကို မြင်လိုက်ရပြီးတဲ့နောက်မှာ အရာရာက တိတ်ဆိတ်သွားပြီး ဘယ်ဘက်က နှလုံးခုန်သံကိုတောင် ပြန်ကြားနေရတယ်။ အရာရာက ရုတ်တရပ်အရောင်တွေတောက်ပလာသလိုပဲ။

သူကတော့ ပြုံးကြည့်နေရင်း ကျွန်မ ထီးကိုယူပြီး ဆောင်းလိုက်​တာကို မြင်​မှ စိတ်​ချသွားသလိုနဲ့ မိုးရေတွေကြားထဲ သူထွက်​သွားခဲ့တယ်​။

ဆွံ့အအံ့သြရင်း ကျန်ခဲ့တဲ့ ကျွန်မက သူ့ကိုကျေးဇူးတင်စကားတောင်မဆိုနိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ပထမဆုံးအကြိမ် နောင်တရမိတာပဲ။

ကျွန်​မလည်း ဘေးကင်းကင်း လုံလုံခြုံခြုံနဲ့ အိမ်​ကို ပြန်​ရောက်​သွားခဲ့ပါတယ်​။အဲ့ဒီ့အချိန်​ကနေစလို့ အိမ်​ရှေ့မှာချိတ်​ထားတဲ့ထီးလေးကို မြင်​လိုက်​တိုင်းမိုးရေထဲက ပထမဆုံး ကိုယ့်ရဲ့ရင်ခုန်သံကို ပြန်သတိရမိတာပဲ။

မိုးရာသီရဲ့ ပထမဆုံးနေရက်​တွေတိုင်း၊ပထမဆုံးမိုးရေစက်​တွေကြားထဲ လမ်းလျှောက်​ထွက်ချိန်​တိုင်း သူပေးခဲ့တဲ့ ထီးကိုယူပြီး မပျက်​မကွက်​ လမ်းကြားလေးထဲကို သွားနေဆဲပါ။

တစ်​နေ့သူက မိုးရေစက်​တွေကြားထီးမပါလို့ စိုရွှဲနေတဲ့အချိန်​မှာ ကျွန်​မကလည်း အဲ့ဒီ့လမ်းလေးထဲကနေဖြတ်​မလာနိုင်​ဘူးလို့ ဘယ်​သူမှမပြောနိုင်​ပါဘူးလေ။

"Miracle ပီသစွာ မထင်မှတ်ထားတဲ့အချိန်တစ်ခုမှာပြန်တွေ့ရမယ်လို့ ယုံကြည်ပါတယ်"

နောက်​တစ်​ခုက သူနဲ့ကျွန်​မနဲ့ ပြန်​တွေ့ခဲ့ရင်​ ကျွန်​မဘဝမှာ တစ်​ခါမှ မပြောခဲ့ဖူးတဲ့စကားတစ်​ခွန်းကို ပထမဆုံးအကြိမ် သူ့ကို ပြောလိုက်​မှာလေ။

မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ မိုးရွာတိုင်း သူ့ကို ရှာဖွေနေမိဆဲပါ......

Miracle In The RainWhere stories live. Discover now