ဆယ့်နှစ်လထဲ လေးလမြောက်ဧပြီဟာ
တောင်ကိုရီးယားရဲ့ အလှဆုံးရာသီဆိုရင်
မမှားပါဘူး.. နေရာတိုင်း လမ်းတိုင်းလိုလို
ချယ်ရီပန်းတွေတဖွဲဖွဲကြွေပြီး ဆွတ်ပျံ့ကြည်နူးဖွယ်
ဖြစ်နေတတ်တာပါပဲ.. ။ဒီနေ့လည်း အလုပ်နားရက်မို့ နမ်ဆန်းတာဝါနား
လမ်းလျှောက်ထွက်ကြဖို့ ကတိပေးထားလို့
လူသွားလမ်းကျယ်ဘေးက ပန်းခြံနားကို
ကျွန်တော်ရောက်နေတယ် ။မကြာခင်ပဲ ပန်းနုရောင်ကုတ်အင်္ကျီကို ဂျင်းအနက်
နဲ့တွဲဖက်ဝတ်ဆင်ထားတဲ့သူမက တစ်လှမ်းချင်း
ကြွကြွလေး လျှောက်လာတယ် ။ အပင်တွေပေါ်က
တစ်ချပ်စီကြွေတဲ့ ပွင့်ဖတ်တွေလို နူးညံ့ပြီးသိမ်မွေ့တဲ့
အပြုံးတွေကို ချိတ်ဆွဲရင်း ပေါ့ပါးနေတဲ့သူမ ..
ကျွန်တော့်လက်ကို လာချိတ်ရင်းဆိုတယ် ။" နင်စောင့်နေရတာကြာသွားပြီလား "
ဒါဟာ သူမတို့မိန်းကလေးတွေမေးနေကျစကားမို့
ဘာမှမပြောပဲ အသာပြုံးရင်းခေါင်းရမ်းပြလိုက်တော့
သဘောကျသွားပုံပေါ်တယ် ။အတော်ကြာအောင်လမ်းလျှောက်နေကြရင်း
ချယ်ရီတွေအများကြီးပွင့်နေတဲ့အကြီးဆုံး
အပင်တစ်ပင်အောက်မှာ သူမရပ်တန့်လိုက်ပြီး
ကျွန်တော့်လက်ကိုချိတ်ထားတဲ့ သူမရဲ့လက်ကလေးတွေ ပြေလျော့သွားတယ် ။ တစ်လွှာစီ ဖွဲဖွဲလေး
ကြွေနေတဲ့ ပွင့်ဖတ်တွေကိုငေးနေတဲ့ သူမမျက်ဝန်းတွေမှာ ကြေကွဲနေတဲ့အရိပ်အယောင်မရှိပဲ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုအသားကျနေတဲ့ အေးစက်ခြင်းမျိုးနဲ့ ..။ပြီးတော့ အနူးညံ့ဆုံးအပြုံးလေးတစ်ခုနဲ့
ကျွန်တော့်ဖက်ကို လှည့်လာတယ် ။ စတွေ့ချိန်တုန်းက
ထက် ပိုရင့်ကျက်လာတဲ့သူမက အမျိုးသမီးတစ်ယောက်ရဲ့ အလှနဲ့ပြည့်စုံနေတုန်းပဲ ။" နင်နဲ့ဖြတ်သန်းခဲ့တာကာလတစ်လျှောက်လုံး
ငါပျော်ခဲ့ပါတယ် ပြီးတော့ အရာရာတိုင်းအတွက်
ကျေးဇူးတင်ပါတယ် "