အရေးပေါ် မုန်တိုင်းသတင်း ကြေညာပြီးသည်နှင့် မခြား မိုးက ရွာသည်.
လေအတူရောသော်လည်း မိုင်နှုန်းမများသည့် လေတိုက်နှုန်းနှင့်မို့ ဆိုးဆိုးရွားရွား အပျက်အစီးတော့ မရှိ.
အပင်များ ယိမ်းရုံ နွဲ့ရုံသာ.အပြင်းအထန်မဟုတ်သော်လည်း မိုးလေဝသနှင့် ဇလဗေဒဋ္ဌာနမှ မုန်တိုင်းဟု အမည်တပ်လိုက်သောကြောင့် ကျောင်းသွားရန် ပြင်ဆင်နေသူ တော်တော်များများက အစီအစဉ်ဖျက်ကာ ကိုယ်စီအိပ်ယာထဲ တိုးဝင်ခွေသွားကြသည်.
ဂျောင်ဆူးသည်လည်း ထိုနည်းလည်းကောင်းပင်.
ကျောင်းသွားရန် ပြင်နေခြင်းကို ရပ်ကာ အဝတ်အစားပြန်လှဲပြီး အိပ်ယာထဲသာ တိုးဝင်နေလိုက်သည်.လေးယောက်တခန်း နေရသည့် အဆောင်ပေမို့ ဂျောင်ဆူးတို့ အခန်းတွင် ဂျောင်ဆူး ၊ချန်း၊ ဆူဟို ၊ ဆယ်ဟွန်း တို့ နေကြသည်.
မဟာကျောင်းသားများအဆောင်မို့ ထမင်းကိုယ်တိုင်ချက်စားခွင့် ပေးထားသည့်အတွက်ကြောင့် ဂျောင်ဆူးတို့ အလှည့်ကျစနစ်ဖြင့် ထမင်းချက်ရသည်.
ဒီနေ့သည် ဆူဟိုနှင့် ဆယ်ဟွန်းတို့ ချက်ရမည့် နေ့ဖြစ်သောကြောင့် ဆယ်ဟွန်းခမျာ အိပ်ယာထဲမှနေကာ တွန့်လိန်ရှုံ့တွပြနေသည်.
ဥာဏ်နီ ဥာဏ်နက် ဥာဏ်ပြာ ဥာဏ်ဝါ ဥာဏ်ရောင်စုံ ထုတ်သုံးကာ ထမင်းချက်တာဝန်ကို ရှောင်ရန်ကြိုးပမ်းနေမှန်းသိတော့ ဂျောင်ဆူးရော ချန်း ပါ အရေးမစိုက်.
မသိလိုက် မသိဘာသာနေပြီး အိပ်ယာထဲဝင်ကာ စာကြည့်တိုက်မှ ငှါးထားသည့် စာအုပ်ကိုသာ ဖတ်နေလိုက်သည်.ရသစာအုပ်တအုပ်ဖြစ်ပြီး ခေတ်ဆိုးစနစ်ဆိုးတခု၏ အသွင်ကို ပီပီသသ မီးမောင်းထိုးပြထားသည့်အပြင် လူတို့၏ သဘောထားတို့ကို ထင်ဟတ်စေသည့် ဝတ္ထု မို့ ဂျောင်ဆူး ဝတ္ထု အတွင်း ဈာန်ဝင်စားသွားသည်.
စာအုပ်ထဲသာ စိတ်ရောက်နေသည်မို့ ပိုသည်းလာသည့် မိုးကိုလည်း အာရုံမရောက်ပေ."ဒိုဂျောင်ဆူး......ဂျောင်ဆူး......ဂျောင်ဆူး.....ဒိုဂျောင်ဆူး......"
စာအုပ်ဖတ်နေရင်း ကြားလိုက်ရသည့် ခေါ်သံသဲ့သဲ့ကြောင့် ဂျောင်ဆူး ဇဝေဇဝါ ဖြစ်သွားရသည်.
မိုးသံနှင့် ရောနေသည်မို့ သဲသဲကွဲကွဲလည်း မကြားရ...
ကိုယ်ပဲ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု တွေးမိကာ အသံကို ခေါင်းထောင်ကာ နားစွင့်မိသည်.