" ဦး ... ကျွန်တော်တို့ လွမ်းခွဲကြရအောင် "
ဘေးချင်းကပ်ယှဉ်လျက် ထိုင်နေရာမှ ကောင်ငယ်လေးရဲ့စကားကြောင့် ကျွန်တော်တုန်လှုပ်သွားမိ၏ ။ တွေ့ကြရအောင်လို့ ဖုန်းဆက်ကတည်းက အသံမကောင်းမှန်း သတိထားမိပါသည် ။ ထို့ကြောင့် ဘာများဖြစ်သလဲဟု စိုးရိမ်ခဲ့မိရာ တွေ့နေကျပန်းခြံကိုလာခဲ့တော့ ထိုကောင်လေးက ကြိုရောက်နှင့်နေခဲ့သည် ။ နှစ်ယောက်သား တွေ့ကြတော့လည်း မျက်နှာမကောင်းမှန်းသိပါပေမဲ့ လမ်းခွဲရအောင် ဆိုတဲ့စကားတော့ ကြားရလိမ့်မယ်မှန်း မထင်ထားမိခဲ့ပါလေ ။
" ဘာလို့ လမ်းခွဲချင်တာလဲ Han ... ဦး အကြောင်းအရင်းသိလို့ရမလား "
သူ့ထက်အသက်အများကြီး ကြီးသည့်ကျွန်တော်က ရင့်ကျက်သင့်သလောက် ရင့်ကျက်တဲ့ အရွယ်ရောက်နေပြီးသလို ကျောင်းဆရာတစ်ယောက်ဖြစ်သည့်အတွက် လူကဲခတ်လည်း ကျွမ်းကျင်ပါ၏ ။ Han ရဲ့ မျက်နှာကိုကြည့်ခြင်းအားဖြင့်တော့ ကျွန်တော့ကိုမချစ်တော့လို့ လမ်းခွဲချင်တာတော့ ဟုတ်ပုံမရပါ ။
" ဦး ကျွန်တော့ကို မချစ်ဘူးဆိုတာ ကျွန်တော်သိပါတယ် ။ ကျွန်တော့ကို မလွှဲသာလို့ တွဲနေရတာမျိုး .. သနားလို့ တွဲနေရတာမျိုး .. ကျွန်တော်နဲ့တွေ့ရင် ချစ်သူဆိုတဲ့ခေါင်းစဉ်ကြောင့် တာဝန်တစ်ခုလို ဂရုစိုက်နေရတဲ့ ဦးရဲ့ပုံစံကို ကျွန်တော် ငြီးငွေ့နေပြီ "
အို ... ဘုရားသခင် ~~~~
ဘယ်လိုများ ပြောရက်လိုက်ပါသလဲ ။
သူ့ကို တာဝန်တစ်ခုလို ဂရုစိုက်ပေးတာတော့ တကယ်မဟုတ်တာပါဗျာ ။ ကိုယ့်ထက်ငယ်လွန်းတဲ့ ကလေးငယ်ကို တကယ်စိတ်ရင်းနဲ့ စိတ်ပူ ဂရုစိုက်ပေးခဲ့တာပါ ။မလွှဲသာလို့တွဲတယ် ... ?
အင်း ... မလွှဲသာလို့ရယ် မဟုတ်ပေမဲ့ ကျွန်တော့ကို ထင်ထားတာထက် ပိုချစ်နေလွန်းတဲ့ ကလေးငယ်ကို ပြန်တုံ့ပြန်မိတဲ့သဘောပါ ။ အခုထိ ချစ်ပါတယ်လို့ တစ်ခွန်းမပြောဘဲ ... Han ရဲ့ အချစ်ကို ဦး လက်ခံပါတယ်လို့ ပြောခဲ့မိခြင်းကြောင့် ဒီကောင်လေးက မလွှဲသာလို့ တွဲပေးတာလို့ တွေးခဲ့တယ် ထင်ပါရဲ့ ။ကောင်လေးဟာ စိတ်ရှုပ်နေတဲ့ပုံစံမျိုးနဲ့ ပြောနေတာမဟုတ်ပေမဲ့ ဆံပင်တွေကို ဆွဲဖွနေတဲ့ပုံကြောင့် တစ်ခုခုကတော့ သူ့ကို အတင်းအကျပ်ဖိအားပေးနေမှန်း သတိထားမိပါသည် ။