"မောင်....မောင်က အိန္ဒိယ မင်းသားတွေလို ထူထဲတဲ့ မျက်ခုံးတွေ မရှိပေမယ့်လည်း တို့ မျက်လုံးထဲမှာတော့ ခန့်ညားနေဆဲပါ...မဟူရာအရောင်တောက်တဲ့ မောင့် မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံမိတိုင်း ဒီလူနဲ့သာဆို တို့ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ သတ္တိမျိုးကို ဖြစ်ပေါ်စေတတ်တာ အမြဲပါပဲ....လေးထောင့် မကျတကျ မောင့်မျက်နှာကျကြောင့် ဆယ်ကျော်သက်ကလေးတွေ ကြားမှာ လူငယ်လေးတစ်ယောက်လို ရေပန်းစားတဲ့ မောင့်ကို တို့ စိတ်မချခဲ့ဖူးတာအမှန်ပါလေ...
တို့ စိတ်မချခဲ့ဖူးဆိုပေမယ့် မောင့်ကို ဒီလို အကြာကြီး လှဲနေရတာမျိုးကိုလည်း မကြိုက်တတ်ခဲ့ပါဘူး....မောင်က ဒီလို အကြာကြီး အိပ်နေတော့ တို့်  ဆရာဝန်တွေ ပြောတာကိုတောင် ယုံချင်သလိုလို ရှိလာခဲ့ပြီ...မောင်ရဲ့ အသိစိတ်က မနိုးထချင်ဘူးဆိုရင် ဒီတစ်သက် မောင် ပြန်လာဖို့က မဖြစ်နိုင်တော့ဘူးတဲ့...သူတို့ ပြောနေတာတွေ မဟုတ်ခဲ့ဖူးလို့ ထပြောလိုက်စမ်းပါ မောင်ရယ်....တို့ ကို တစ်ယောက်တည်းထားပြီး မောင်ထွက်မသွားပါဘူး ဆိုတာကို သူတို့ယုံအောင် သက်သေပြလိုက်ပါတော့လား မောင်ရယ်...."
ပါးပြင်ထက် စီးကျလာသော မျက်ရည်စက်တို့ကို လက်ခုံနှင့် သုတ်ကာ ဖယ်ရှားလိုက်ရင်း ဆေးရုံကုတင်ထက်တွင် အိပ်စက်နေရှာသော သူကို စိုက်ကြည့်လိုက်မိသည်။
မောင် မှေးစက်နေတဲ့ပုံက သိပ်ပြီး အေးချမ်းလွန်းလှတယ် မောင်ရယ်....ပီဘိ ကလေးတစ်ယောက်လိုပါပဲ...လောကကြီးရဲ့ ပူပင်သောကတွေ အားလုံးက မောင့်အပါးက ရှောင်ကြဉ်ဖယ်ခွာပေးနေသလိုပါပဲ....မောင့်ရဲ့ အိပ်မက်နန်းတော်မှာ မောင် စံပျော်နေတယ် ထင်ပါရဲ့....
"အို....တို့ မေ့တော့မလို့မောင်ရယ်....မောင် သိပ်ပြီး နှစ်သက်တဲ့ ချယ်ရီတွေ တစ်ခါပြန်ပွင့်နေခဲ့ပြီလေ...ဒီတစ်ခါလည်း ချယ်ရီတွေက ရိုးရာ မပျက်လှတုန်းပါပဲလေ...မောင့်ရဲ့ ချယ်ရီလေးတွေကို မောင် ပစ်ထားရက်လို့လား...သူတို့လေးတွေက မောင့်အလာကို စောင့်နေတယ်လေ....တကယ်ဆိုရင် မောင်လည်း ချယ်ရီတွေ ပွင့်မယ့်ရက်ကို လက်ချိုးပြီး စောင့်နေခဲ့တာမလား..."
YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Randomမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....