အပိုင်း(၁)ကောင်းကင်ဘုံဧကရာဇ်၏ ကျဆုံးခြင်း ၊ နတ်ဘုရားလက်နက်တစ်စစီပျက်စီးသွားခြင်း

6.5K 241 11
                                    


အပိုင်း(၁)ကောင်းကင်ဘုံဧကရာဇ်၏ ကျဆုံးခြင်း ၊ နတ်ဘုရားလက်နက်တစ်စစီပျက်စီးသွားခြင်း

ကောင်းကင်ဘုံနိုင်ငံတော်၊ ကောင်းကင်ဘုံနန်းမြို့တော်

ညသည် အလင်းရောင် တစ်စတစ်လေတောင်မရှိဘဲ မင်ရည်ကဲ့သို့ နက်မှောင်နေခဲ့သည်။ ပတ်ဝန်းကျင်သည် ခြောက်ချားဖွယ်ရာကောင်းအောင် တိတ်ဆိတ်နေကာ စိတ်နှလုံးတုန်လှုပ်ဖွယ် ခံစားချက်ကို ပေးသည်။

ကမ္ဘာပေါင်းသန်းရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော အစည်းအရုံးတွင်  အင်အားအကြီးဆုံးကမ္ဘာ ဖြစ်သော ကောင်းကင်ဘုံနန်းမြို့တော်သည် ထူးဆန်းစွာ တိတ်ဆိတ်နေသည်။ ကောင်းကင်နိုင်ငံတော်တွင်ရှိသော အံ့သြစရာအကောင်းဆုံး ဂုဏ်အရှိန်အဝါအကြီးဆုံးသော ကောင်းကင်ဘုံနန်းမြို့တော်သည် ယနေ့ညတွင် အဘယ်သို့များ တိတ်ဆိတ်မှောင်မိုက် နေရပါသနည်း။

မြို့တော်မြောက်ဘက်ရှိ လေဟာနယ်ထဲတွင် ထူးဆန်းသော အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းမှ ရှည်လျားသော အရိုးစုလက်တစ်စုံ တိုးထွက်လာခဲ့ပြီး အက်ကြောင်းကို ပို၍ကျယ်လာအောင် ဆွဲခွဲလိုက်သည်။

အက်ကြောင်းကျယ်လာသည်နှင့်အမျှ အရိုးစုလက်အစုံ၏ ပိုင်ရှင်သည် တဖြည်းဖြည်း ထွက်ပေါ်လာကာ မတ်တပ်ရပ်လိုက်သည်။ ထူးဆန်းသော အနီရောင်အလင်းများသည် ၎င်းအရိုးစု၏ ဦးခေါင်းခွံအတွင်းရှိ အပေါက်မှ ဖြာထွက်နေသည်။ ၎င်း၏ အဖြူရောင် အရိုးစုခန္ဓာကိုယ်တွင် ပြာလဲ့လဲ့အရောင်မှ မီးခိုးရောင်သို့ တဖြည်းဖြည်းပြောင်းလာသည့် မရေမတွက်နိုင်သော ရှေးဟောင်းအက္ခရာတို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ပတ်ဝန်းကျင်လေထုကို အေးခဲသွားစေသည့် အသက်မဲ့သော ခြောက်ခြားဖွယ်ရာ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

"တောက်!" "တောက်!"(အရိုးချင်း ထိခတ်သံ)

မရှေးမနှောင်းတွင်ပင် ပွက်လောရိုက်သံများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။ မြို့တော်၏ အထက်တွင်ရှိသော အက်ကွဲကြောင်းသည် ဆက်လက်၍ ကြီးမားလာပြီး သေဆုံးပြီးသား လူတို့၏ အရိုးစု ခန္ဓာကိုယ်များ၊ လတ်လတ်ဆတ်ဆတ် ဒဏ်ရာများ သွေးများနှင့် ဖုံးလွှမ်းနေသော သားရဲတိရစ္ဆာန်များ ထွက်လာလေသည်။ သူတို့၏ ခန္ဓာကိုယ်တွင် ထူးဆန်းပြီး ပြာလဲ့လဲ့အရောင်တောက်နေသော သင်္ကေတအချို့ဖြင့် လွှမ်းခြုံလျက် ရှိသည်။ ထို့အပြင်  မျက်လုံးအနီရောင်တို့ဖြင့် ယင်စွမ်းအင်(အမဓာတ်)ပြည့်ဝနေသည့်  ရှေးဟောင်းအက္ခရာများ ပါရှိသည့် မရေမတွက်နိုင်သော အနက်ရောင်သံချပ်ကာဝတ် စစ်သားအများအပြားလည်း ထွက်ပေါ်လာကြသည်။ သူတို့သည် ကောင်းကင်ဘုံနန်းမြို့တော်  ပတ်လည်ရှိ လေဟာနယ်ထဲတွင် လျှင်လျှင်မြန်မြန် ပိတ်ဆို့ဝန်းရံလိုက်ကြသည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now