နေရောင်အောက်က နှင်းပွင့်တွေ

1 0 0
                                    

လွန်ခဲ့တဲ့ လေးရက်၊ ငါ့မွေးနေ့ကြီးမှာ ဆေးရုံတက်လိုက်ရတယ်။
ငါက ဒုက္ခအိုးလို့ ပြောရင် ဘယ်သူယုံမှာလဲ။
ပန်းဝတ်မှုန်တွေကို သိပ်မုန်းတာပဲ။ သူတို့က ငါ့ကို ကောင်းကောင်းကြီး ရင်ကျပ် အောင်လုပ်တတ် တယ်။ အမေ့ကိုတော့ ငါချစ်တယ်။ အမေက ငါ့ကို ဘယ်တုန်းကမှ ရင်ကျပ်အောင် မလုပ်ဘူး။ ဘုရားပန်းအိုး ကိုတောင် ပန်းပွင့်ပါတာ မထိုးဘူး။ အောင်သပြေ အညွန့်စိမ်းစိမ်း တွေကိုသာ ထိုးတတ်တယ်။
မနက်ဖြန်ဆို ဆေးရုံဆင်းရတော့မယ်တဲ့။ အမေကတော့ ဝမ်းသာနေရှာတယ်။ ဆေးရုံမှာနေရတာက နည်းတဲ့ ဒုက္ခမှ မဟုတ်ဘဲ။ အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတယ်။ လူနာစောင့်ရတာလည်း ပင်ပန်းတယ်လေ။ ပြီးတော့ အမေ တယောက်တည်း စောင့်ရတာ။
အခု ငါနေရတဲ့အခန်းက သန့်ရှင်းလို့ တော်သေးတယ်။ အခန်းထဲမှာ ခုတင် သုံးလုံးရှိတယ်။ ငါ့ခုတင်က လွဲလို့ ကျန်တဲ့ခုတင် နှစ်လုံးက လွတ်နေတယ်။ လွတ်လွတ်လပ်လပ် နေရတာပေါ့လို့ အောက်မေ့လိုက်တယ်။ အမေ အိမ်ပြန်ပြီး ရေမိုးချိုးတဲ့အချိန် စကားစမြည်ပြောစရာ လူမရှိပေမဲ့လို့ ပြူတင်းပေါက်ကို ကျော်ပြီး သစ်ပင် စိမ်းစိမ်းတွေကို ငေးရတာလည်း အရသာပဲ မဟုတ်လား။ တခါတလေ သစ်ပင်တွေက နှင်းတွေနဲ့ ဖွေးဖွေးလှုပ် နေတတ်သေးတယ်။ ရာသီဉတု အရမ်းဆိုးဝါးတဲ့ မနက်ခင်းလိုအခါ မျိုးမှာပေါ့။
"သား အနွေးထည် ထပ်ဝတ်လိုက်ပါဉီးလား"
အမေက ဆရာဝန်ကြီးရဲ့ စကားကို တသွေမတိမ်း လိုက်နာချင်သူလေ။ နွေးနွေးထွေးထွေးနေရမယ်လို့ ပြောသွားတယ်။ နောက်ပြီး ရင်ကျပ်ရောဂါဆိုတာမျိုးက အေးတဲ့လေကို ရှူမိတဲ့အခါမှာလည်း ပိုဆိုးလာတတ် တယ်တဲ့။ ငါကလည်း အသက်ရှူမဝတဲ့ခံစားချက်ကြီးကို အရမ်းမုန်းတယ်။ လေတွေဒီလောက်ပေါများတဲ့ ကမ္ဘာ ကြီးမှာ လေငတ်နေရတဲ့ဘဝ မဟုတ်လား။ အမေ ပြောတဲ့အတိုင်းပဲ သိုးမွေးအင်္ကျီပွပွတထည် ကောက်စွပ်လိုက် တယ်။ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တွေမရှိတော့လို့ အင်္ကျီဝတ်ရင် အရင်လို ငြိတာ ရှုပ်တာ မရှိတော့ဘူး။ နည်းနည်း ပိုပြီးနွေးသွားသလိုပဲ။
"အမေ အိမ်ပြန်ပြီး အိပ်လိုက်ပါလားဟင်၊ ဒီမှာ နည်းနည်းအေးတယ်"
"မနက်ဖြန်ပဲ ဆင်းရတော့မှာ၊ မနက်ကျမှ တခါတည်း ပြန်တာပေါ့"
အမေပြောတာ သဘာဝကျတယ်။ ဟုတ်ပါတယ်။ အိမ်ကို ပြန်ဖို့က ဆေးရုံကနေ ဆယ့်ငါးမိနစ်ကျော် ကျော်လောက် တက္ကစီ စီးရသေးတယ်။ ကရိကထများတယ်။ အဖေရှိနေသေးရင်တော့ ဆေးရုံကို သွားဖို့ လာဖို့ ဒီလောက်ခက်ခဲမှာ မဟုတ်ဘူး။ အဖေက ကားမောင်းတတ်တယ်လေ။ အဖေက အကြိုအပို့ လုပ်ပေးလိမ့်မယ် ထင်တယ်။ ငါ နေမကောင်းတဲ့အခါမှာတော့ အဖေ အလျှော့ပေးလိမ့်မယ်လို့ထင်တယ်။
အဖေ။
ဒီဂုဏ်ပုဒ်ကို ရေရွတ်မိတိုင်း ငါ နောင်တရတယ်။ အဖေနဲ့ ငါက ဆန့်ကျင်ဘက်လမ်းကို လျှောက်သူ တွေလို့ တချိန်က ယူဆခဲ့ဖူးတယ်။ မှားသလား၊ မှန်သလား ဘယ်တုန်းကမှ ဝေခွဲမရခဲ့ပါဘူး။ အမှန်တရားဆို တာ ငါတို့ မသိနိုင်တဲ့ အရပ်မှာ ရှိတယ်။ အဲဒါကို ယုံကြည်သလား။
"အမေ"
ငါ့အသံကြားတော့ အမေက ခုတင်ဘေး ပက်လက်ကုလားထိုင်မှာ ထိုင်နေရင်း မော့ကြည့်တယ်။
"အင်း ပြောလေ သား၊ ဘာပြောမလို့လဲ"
ငါ့အသံက တိုးတိုးလေးထွက်လာတယ်။ ရဲရဲပြောလိုက်စမ်းပါလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲက မာန်မဲ လိုက်တယ်။ လွမ်းတဲ့နေရာမှာတော့ သတ္တိရှိရမယ်လို့ ငါ ထင်ပေမဲ့ နှုတ်ခမ်းတွေက မပွင့်တပွင့်။
"အဖေ့ကို လွမ်းလို့"
အမေ့ရဲ့ သက်ပြင်းချသံ သဲ့သဲ့ကို ငါကြားဖြစ်အောင် ကြားမိသေးတယ်။ ပင်ပန်းနေတဲ့ အမေ့မျက်နှာ က မှိုင်သွားတယ်။ အမေဆို ငါ့ထက် ပိုပြီးလွမ်းနေမှာပဲ။ ကာလရှည်ကြာ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ လူနှစ် ယောက်အတွက် ခံစားချက်တွေ ယုတ်လျော့သွားဖို့ ဆိုတာမဖြစ်နိုင်ဘူး မဟုတ်လား။
"အမေရောပဲ"
အမေက အဲဒီတခွန်းသာပြောပြီး ပက်လက်ကုလားထိုင်ပေါ်မှာ ငြိမ်ငြိမ်လေးပြန်မှီနေတယ်။ အမေ့ အာရုံကို ငါ နှောင့်ယှက်လိုက်မိပြီလား မသိပါဘူး။ အမေ့လက်ချောင်းတွေက လက်ထဲက ခြုံစောင်အပါးလေး ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တာ ငါမြင်လိုက်ရတယ်။ တစုံတခုကို စိတ်ညွှတ် အားပြုလိုက်သလိုမျိုး။
"ဒီစောင်လေးက သူ့ရဲ့ နောက်ဆုံးလက်ဆောင်ပေါ့"
အမေက ငါ့ကို လှည့်မကြည့်ဘဲ ခြေရင်းက အဖြူရောင်နံရံကို မျက်လုံးမွဲမွဲတွေနဲ့ စိုက်ကြည့်နေတယ်။ အမေ့ကို ငါ သေချာကြည့်မိတော့ မျက်လုံးထောင့်က အရေးအကြောင်းတွေ အတော်လေး ထင်ရှားနေတာ တွေ့ ရတယ်။ ပါးပြင်ဖြူဖြူနုနုမှာ မှဲ့ခြောက်တွေ ဟိုတစက် ဒီတစက် ရှိနေပြီ။
ငါ ရုတ်တရက် ခံစားလိုက်ရတာက အားအင်တွေ ခန်းခြောက်သွားသလိုမျိုး။
"အမေ ... အဖေမှန်ခဲ့သလား၊ သားမှားခဲ့သလား ဟင်"
ငါ့အသံကို ကြားတော့ အမေ့ မျက်လုံးတွေ သတိပြန်ဝင်လာတယ်။ ပြီးတော့ ယဲ့ယဲ့လေး ပြုံးတယ်။
"မှန်တာပြောရရင် အမေ မသိဘူး" တဲ့။
အမေက ခေါင်းယမ်းပြီး ဖြေတယ်။
ငါက အကျိုးမဲ့ တွေးမိပြီး အကျိုးမဲ့ မေးမိတယ်။ ဘယ်သူ မှားမှား မှန်မှန် အဖေ မရှိတော့ဘူး။ ဆုံးပါး ခဲ့တာ နှစ်နှစ်တင်းတင်း ပြည့်တော့မယ်။ အဲဒါက ငါ တွေးနေသင့်တဲ့ တခုတည်းသော အမှန်တရား ဖြစ်တယ်။ ဘာဖြစ်လို့ အခုကျမှ ဒီလိုတွေ တောင်စဉ်ရေမရ လျှောက်တွေးနေမိသလဲ မပြောတတ်တော့ပါဘူး။ အားငယ် တုန်းမို့လို့ ဖြစ်မှာပဲ။ လူတွေ အားငယ်လာရင် ကြောက်လာရင် ဘယ်သူ့ကို သတိရကြသလဲ။ ခလုတ်တိုက်မိတဲ့ အခါ ငါက "အမေ့" လို့ လန့်ပြီး အော်မိတတ်တာ။ ဒါပေမဲ့ ခုလို နှင်းမှုန်တွေ ဖြူဖွေးပြီး ဆွေးမြည့်စရာကောင်းတဲ့ ဆေးရုံက ညနေခင်းမျိုးမှာတော့ ထွက်ခွာသွားပြီဖြစ်တဲ့ အဖေ့ကို လွမ်းတယ်။
"ငါ့သားလို့ မပြောစမ်းပါနဲ့ကွာ၊ ရှက်ဖို့ကောင်းလိုက်တာ"
အဲဒီစကားကို အဖေပြောတော့ အဖေ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လို့။ ငါ့ကို ထိုးမယ်လို့ ရွယ်ထား တဲ့ လက်သီးဆုပ်ကလည်း နှုတ်ခမ်းတွေလိုပဲ တုန်လို့။ မျက်လုံးတွေမှာတော့ ငါ့ကို စက်ဆုပ်ရွံရှာတဲ့ အရိပ်တွေ ပြည့်လို့။ "ငါ့အဖေက ငါ့ကို အဲဒီလိုပြောတယ်" ... "ငါ့အဖေက ငါ့ကို အဲဒီလိုပြောတယ်" ... "အဖေက ..." ။
ငါ အဖေနဲ့ အဝေးကြီးကို လွင့်စင်သွားခဲ့တယ်။ အဖေကတော့ အဲဒီတကြိမ်သာ ပစ်ပစ်ခါခါ ပြောပြီး နောက်ရက်တွေမှာ ငါ့ကို သိပ်စကားမပြောတော့ဘူး။ သေတဲ့ အထိ ငါ့ကို ပြုံးရယ်မပြတော့ဘူး။ အဲဒီပြဿနာ ဖြစ်စကတော့ ငါလည်း ခေါင်းမာမာနဲ့ပဲ အဖေ့ကို ရှောင်တယ်။ မနက်စာစားကြတဲ့အခါ စားပွဲဝိုင်းမှာ ငါ မရှိဘူး။ အရင်ဉီးအောင် စားထားချင် စားထားတယ်။ ဒါမှမဟုတ် နောက်ကျမှ စားချင်လည်း စားတယ်။
အဲဒီရက်တွေမှာတော့ အစ်ကိုနဲ့ ဖုန်းပြောတဲ့အခါတိုင်း အဖေ့အကြောင်း ထည့်ပြောဖြစ်တယ်။ ဘယ် လောက်တင်းနေတယ်၊ ဘယ်လောက်ထိ အခြေအနေဆိုးနေတယ်၊ ဆိုတဲ့ အကြောင်းတွေပေါ့။ အစ်ကိုကတော့ ပေါ့ပေါ့ပါးပါး စိတ်ထားဖို့ ပြောတယ်။ "မစိုးရိမ်ပါနဲ့ ... ကိုယ်တို့ နှစ်ယောက်ကို သူ တဖြည်းဖြည်းတော့ လက်ခံ လာပါလိမ့်မယ်" တဲ့။ ဒါနဲ့ ငါလည်း "အချိန်တခုတော့ စောင့်ကြမယ်လေ" လို့ အစ်ကို့ကို ပြန်ပြောလိုက်တယ်။ ငါ့ စိတ်ထဲမှာ ငါတို့နှစ်ယောက်ရဲ့ (သူများတွေပြောသလို) ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတခုကို အဖေနဲ့ အမေကို ပြောပြပြီး လက်ခံပေးစေချင်တာ။ အဲဒီလို ဆိုရင် ပိုပြီးလွတ်လပ်လိမ့်မယ်လို့ ထင်တယ်။
'တဖြည်းဖြည်းတော့ လက်ခံလာပါလိမ့်မယ်' တဲ့။ ဒီစကားကို ထပ်ခါထပ်ခါ ရေရွတ်ရင်း အဝေးကနေ အဖေ့အရိပ်အခြည်ကို ငါ စောင့်ကြည့်နေခဲ့တယ်။ သားအဖနှစ်ယောက် ထိပ်တိုက် မျက်နှာချင်း မဆိုင်မိပေမဲ့ အဖေမျက်လုံးတွေမှာ နူးညံ့မှုတခုခုများ ပြန်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်ကလေး မသိမသာ ထားမိတယ်။
ဂျက်ခနဲ အမေ ပြူတင်းပေါက် ပိတ်လိုက်သံကြောင့် အတွေးစတွေ ပြယ်သွားတယ်။
ညအခါ အပေါ့အပါးထသွားတတ်တဲ့ လူနာတချို့ရဲ့ ချောင်းဟန့်သံနဲ့ တရွတ်ဆွဲသံကလွဲလို့ ဆေးရုံ တရုံလုံး တိတ်ဆိတ်နေတယ်။ ခါတိုင်းညတွေက အရေးပေါ်လူနာတွေနဲ့ ရှုပ်ယှက်ခတ်နေတတ်ပြီး ကယ်ပါယူပါ အသံတွေ ပွက်ပွက်ညံနေတတ်ပေမဲ့ ဒီညကတော့ အေးအေးလူလူ ရှိနေပုံပဲ။ ငါလည်း နားအေးပါအေး အိပ်ရ တာပေါ့လို့ တွေးပြီး စောင်ကို ရင်ဘတ်အထိဆွဲခြုံလိုက်တယ်။ အမေကတော့ သူ့ပက်လက်ကုလားထိုင်ပေါ်မှာ ပြန်မှေးနေပြီ။ စောင်ပါးလေးအပေါ်မှာ စောင်အထူတထည် ထပ်ပြီး လက်နှစ်ဖက် ရင်ဘတ်ပေါ်မှာ ယှက်လို့။
အမေက ဘာလို့ "မသိဘူး" လို့ ဖြေတာလဲ။
အဖေနဲ့ ငါ့ကြားကို အမေ ဘယ်တော့မှာ ကြားဝင် ဖြေရှင်းတာမျိုး မရှိတာတော့ သေချာတယ်။ အဖေ က အဲဒီကိစ္စကို ခါးခါးသီးသီး ဖြစ်နေပေမဲ့ အမေ့အတွက် အထွေအထူးရယ်လို့ ဖြစ်ဟန်မတူဘူး။ အမေက ငါ့ကို လက်ခံတယ်လို့ပဲ အောက်မေ့မိလိုက်တော့တယ်။ အစ်ကို့ကိုရောပေါ့။ အမေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထူးထူး ခြားခြား ဆုံးမတာမျိုး မရှိဘူး။ "ဒီလိုပဲ နေတော့မယ်ဆိုရင်လည်း တည်တည်တံ့တံ့နေကြပေါ့" တဲ့။ ဒါလေးပဲ အမေ ပြောခဲ့ဖူးတယ်။
ငါသိချင်တာတခုရှိတယ်။ ငါ့ကွယ်ရာမှာ အမေက အဖေ့ကို ဖျောင်းဖျပေးခဲ့သလားဆိုတာပါပဲ။ ဒါပေမဲ့ အမေ ဖျောင်းဖျခဲ့တယ်ဆိုရင်တောင် အသုံးမဝင်ခဲ့ဘူး ဆိုတာ သေချာတယ်။ မဖျောင်းဖျခဲ့တာလည်း ဖြစ်နိုင် တယ်။ အဖေ့ဆီက ရလဒ်တစုံတရာ ထွက်ပေါ်မလာခဲ့ဘူး မဟုတ်လား။ အဖေက ရှေးရိုးအစွဲကြီးလွန်းတယ်လို့ ငါက စွပ်စွဲတော့ အဖေ့မျက်လုံးတွေက ကြောက်ဖို့ကောင်းလာတယ်။ ငါ့ကို စူးစူးစိုက်စိုက် တချက်ကြည့်ပြီး ခဏကြာတော့ ရုတ်တရက် အားကုန်သွားသလို မျက်လုံးတွေ ညှိုးဖျော့သွားတဲ့အခါ မျက်နှာလွှဲသွားခဲ့တယ်။ ငါ ဘယ်လိုလုပ် မေ့လို့ရပါ့မလဲ။ ဒါပေမဲ့ ငါ အဖေ့ရဲ့ အရွယ်ကို မေ့နေခဲ့တယ်။
အလိုဆန္ဒတွေကြားမှာ ငါတို့ လမ်းလျှောက်ရတယ်။ ဒါကို ငါတို့က အတ္တလို့ ခေါ်တယ်။
အစ်ကိုနဲ့ ခိုးကြောင်ခိုးဝှက် စကားပြောရတာကို မုန်းတယ်။ တခါတလေ ဖုန်းပြောတဲ့အခါမျိုးမှာ တယောက်အတွက် တယောက် သီးသန့်ပေးထားတဲ့ နာမည်တွေ မခေါ်ဝံ့ဘဲ "ကိုလင်းသက်" "ကျွန်တော်" "ခင်ဗျား" စတဲ့ ခပ်စိမ်းစိမ်း စကားလုံးတွေ သုံးပြီး ဖုံးကွယ်သိုဝှက် ပြောရတဲ့ အဖြစ်ကို မုန်းတယ်။ ဒါတင် ဘယ် ကလိမ့်ဦးမလဲ။ "နွေးနွေးထွေးထွေးနေ၊ နောက်ထပ် မဖျားအောင် ဂရုစိုက်နော်" ဆိုတဲ့ စကားမျိုး အိမ်မှာ ပြော ဖို့ကိုတောင် ကျီးကန်းတောင်းမှောက်ကြည့်ပြီး လူကြီးတွေ မရှိမှ ပြောရဲတဲ့အထိ ကြောက်ရွံ့ခဲ့တယ်။ အချိန်ကြာ လာတဲ့အခါ ငါ့ သိစိတ်က အဲဒီအခြေအနေကို ရုန်းထွက်ချင်လာတယ်။ အမြဲတမ်း ဖုံးကွယ်သိုဝှက်ပြီး ကြောက် လန့်နေရမဲ့အစား ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်ရင် အန္တရာယ်ကို ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်လို့ ငါ တွေးခဲ့ တယ်။ ငါ အစ်ကိုနဲ့ ချမ်းချမ်းမြေ့မြေ့ စကားပြောချင်တယ်။ ငါ အစ်ကိုနဲ့ စိတ်ချလက်ချ စကားပြောချင်တယ်။
ရုတ်တရက် လက်ထဲက ဖုန်းက ဒီခနဲ တုန်လာတယ်။ ရေးလက်စ နေ့စဉ်မှတ်တမ်းကို ပိတ်လိုက် တယ်။ အစ်ကို့ဆီက ဖုန်းပဲ။ ညကြီး အချိန်မတော်မှ ဘာဖြစ်လို့ပါလိမ့်။ နေ့လယ်ကလည်း တခါဆက်ပြီးပြီ မဟုတ်လား။
"ဟယ်လို"
"..."
ငါ စောင်ကို ပြန်လျှောချပြီး ခုတင်ပေါ်က ဆင်းတယ်။ ဘေးမှာ အမေအိပ်နေတယ်။ အမေ့ကို အနှောင့် အယှက် မပေးချင်ဘူး။ ဖုန်းကိုင်ထားရင်း ပြူတင်းပေါက်နား လျှောက်သွားလိုက်တယ်။ အပြင်မှာ နှင်းတွေဖွေး နေအောင် ကျတာမို့ ပြူတင်းပေါက်ကို မဖွင့်ဘဲထားလိုက်တော့တယ်။ ကုလားထိုင်တလုံး ယူလိုက်ပြီး ပြူတင်း ပေါက်ဘေးမှာ ထိုင်လိုက်တယ်။ ခါးလေးကို မတ်မတ်ထား။ ခြေဖဝါးတွေကို ကြမ်းပြင်နဲ့ထိ။ လက်တဖက်ကို တော့ ဒူးပေါ်အသာလေး မှောက်တင်ထားတယ်။ ကျန်တဲ့လက်တဖက်ကတော့ အစ်ကိုနဲ့ဖုန်းပြောဖို့။ ကိုယ်ဟန် တကျနေပြီးမှ ဖုန်းပြောရတာ ပိုပြီး သဘောကျတယ်။ တခြားသူတွေအတွက်ကတော့ ကြောင်စီစီအလုပ်တခု ဖြစ်နေမှာ အသေအချာပဲ။ အစ်ကိုကတော့ ထုံးစံအတိုင်း နောက်တော့တာပဲ။ "ကိုယ်တော်လေး နေရာကျပြီ လား" တဲ့။ ငါကလည်း ထုံးစံအတိုင်း ဒီဘက်မှာ ရယ်ကျဲကျဲလုပ်နေလိုက်တယ်။
"ကျပြီ"
"..."
"ဟုတ်တယ်၊ အမေ အိပ်ပျော်နေပြီ"
"..."
"နက်ဖြန်လား ... တက္ကစီပဲ ငှားပြီးပြန်လိုက်မယ်လေ၊ ကိုကို့သူငယ်ချင်းကို ဒုက္ခပေးမနေပါနဲ့၊ အားနာ စရာကြီး၊ ဆယ့်ငါးမိနစ်လောက်ပဲ မောင်းရတဲ့ဟာ"
"..."
"သဘက်ခါပြန်လာတော့မှာလား"
"..."
"အလောသုံးလေးဆယ် မလုပ်နဲ့နော်၊ ကျွန်တော်က နေကောင်းနေပြီ"
"..."
"အင်းပါ၊ အလုပ်တွေ သေချာပြီးအောင် လုပ်ခဲ့"
"..."
"မအိပ်ချင်သေးပါဘူး၊ အဖေ့ကို လွမ်းလို့ ရုတ်တရက်ကြီး"
"..."
အစ်ကို့ အသံတိုးသွားတယ်။ စက္ကန့်နည်းနည်း ကြာတော့မှ အစ်ကို့ အသံပြန်ကြားရတယ်။ "ကိုယ်ပြန် လာရင် အဖေ့ကို သွားတွေ့ကြမယ်လေ" တဲ့။ လက်ဖျားလေးတွေ နွေးလာသလိုပဲ။ အစ်ကို့အသံကို ဆက်ပြီး အာရုံပြုနေလိုက်တယ်။ လောလောဆယ်တော့ အစ်ကို ပြောသလို အဖေ့အကြောင်းတွေးပြီး အိပ်ဖို့ ဆုံးဖြတ် လိုက်တယ်။ အိပ်မက်ထဲမှာ အဖေနဲ့ တွေ့ချင်တွေ့ရမယ်။ တောင်းပန်ချင်တဲ့အကြောင်း ပြောဖြစ်အောင် ပြော လိုက်ရမယ်။ အဖေ ကြားနိုင်ပါ့မလား။ အဖေ ကြားပါစေ။ အဖေ ခွင့်လွှတ်ပါစေ။ အဖေ ပြုံးပါစေ။
"နွေးနွေးထွေးထွေး အိပ်နော်" ဆိုတဲ့ အစ်ကို့ မှာတမ်းနဲ့ ဖုန်းချလိုက်တယ်။ အစ်ကိုလည်း စိတ်ကောင်း ပါ့မလား မသိဘူး။ အစ်ကို့စိတ်ကလည်း ငါငယ်ငယ်က ကြားဖူးတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာဆိုတာလိုပဲ။ ငါ တခုခုဖြစ်ရင် သူက အရင်သိတယ်။ ဒီလိုဆိုတော့လည်း လက်ဖျားလေးတွေက ပိုပြီး နွေးလာတော့တယ်။
အိမ်ကိုရောက်တော့ စိမ်းသွားသလိုတောင် ခံစားရတယ်။ ဆေးရုံမှာ ငါးရက်လောက်နေပြီး ပိုးသတ် ဆေးနံ့ကို လွမ်းသလိုလို။ လူတွေများ ခက်လိုက်တာ။ ငါ အပါအဝင်ပေါ့။ အမေက အထုပ်အပိုးတွေ ဖြည်ပြီး လျှော်စရာ ဖွပ်စရာတွေကို အဝတ်လျှော်စက်ထဲ ထည့်ဖို့ လုပ်နေတယ်။ ငါလည်း အိမ်ထဲမှာ ငြီးစီစီနေတာနဲ့ အိမ် နောက်ဘက်ထွက်လာလိုက်တယ်။
ဒီနေ့တော့ မနေ့ကလို ဆိုးဆိုးရွားရွား နှင်းမကျတော့ဘူး။ အတော်လေးနေလို့ ကောင်းတဲ့နေ့ပါပဲ။ အိမ် နောက်ဖေးက မြက်ခင်းစိမ်းစိမ်းကို မြင်လိုက်ရတယ် ဆိုရင်ပဲ စိတ်တွေ ကြည်လင်သွားတော့တယ်။ ဒီမြက်ခင်း ကို အဖေ ကိုယ်တိုင် ဖန်တီးထားခဲ့တာလေ။ အိမ်နောက်ဖေး တံခါးမကြီးက ထွက်လိုက်တယ်ဆိုရင်ပဲ မြက်ခင်း အလယ်က လျှောက်လမ်းလေးကို ရောက်တယ်။ လျှောက်လမ်းကို ကျောက်စရစ်လေးတွေ ခင်းထားတယ်။ ငါ ငယ်ငယ်တည်းက ဒီလမ်းလေးကို လျှောက်ရတာ သဘောကျခဲ့တာ။ လျှောက်လမ်းအဆုံးကို ရောက်ရင်တော့ ငါတို့ ခြံနယ်နိမိတ်လည်း ဆုံးပြီ။ ခြံနောက်ဖေးက ခြေလှမ်းသုံးဆယ်လောက်ပဲ ကျယ်တယ်။ ခြံစည်းရိုးကတော့ သစ်သားပြားတွေကို အစပ်အဟလေးတွေ ချန်ပြီး စီတန်း ရိုက်ထားတာ။ တော်တော်ခိုင်ပါတယ်။
လျှောက်လမ်းအဆုံးထိ လျှောက်ပြီး အိမ်ဘက်ကို မျက်နှာမူလိုက်တယ်။
အိမ်ကလေးက မကြီးကျယ်ပါဘူး။ အုပ်ကြွပ်တွေမိုးထားတဲ့ အဖြူရောင် တထပ်တိုက်ကလေး။ အရင် ကတော့ ဒီအိမ်ကလေးမှာ မိသားစု သုံးယောက်နေကြတယ်။ ငါတို့အိမ်ကလေးကို မမှိတ်မသုန် ကြည့်နေရင်း "အဖေသာ ရှိသေးရင်" ဆိုတဲ့ စိတ်နဲ့ တိုးတိုးလေး ရှိုက်မိတယ်။ အိမ်ကလေးက အရှေ့အရပ်ကို မျက်နှာမူတာ။ ငါလည်း ဦးခေါင်းကို မော့လိုက်ပြီး မျက်နှာပေါ်ကျလာတဲ့ မနက်ခင်းနေရောင်ခြည်ကို ကျေးဇူးတင်လိုက်တယ်။ နွေးလိုက်တာ။ အဲဒီနေ့က ငါ့အကြောင်း အဖေ့ကို မပြောခဲ့ရင် အခြေအနေတွေက အခုလို ဖြစ်လာမှာ မဟုတ် ဘူးနော်။ ဟုတ်တယ် မဟုတ်လား နေရောင်ခြည်ရေ။ တိုးတိုးလေး ရှင်သန်သွားနိုင်တဲ့ သစ်ပင်တွေ ရှိတယ်လေ။
အမေ ကိုယ်လက်သန့်စင်ပြီးတဲ့နောက် အိမ်နောက်ဖေးကို ရောက်လာတယ်။ အသက် ငါးဆယ်ကျော် အဘွားကြီးတယောက်ရဲ့ ဟန်ပန်မျိုးနဲ့ ပုဝါကို ခေါင်းမှာပတ်ပြီး မေးမှာ ချည်ထားတယ်။ အနီစက်ကလေးတွေ ပါတဲ့ ပုဝါမျိုးမို့ အမေက အသက်ထက် ပိုပြီး နုပျိုနေသလိုလို ထင်ရတယ်။ နေရောင်အောက်မှာ ကုန်းကုန်း ကိုင်း ကိုင်းနဲ့ ခြံထဲမှာ နှင်းဆီကိုင်းတွေဖြတ်နေတယ်။ အမေက နှင်းဆီပန်းတွေကို ခြံထဲမှာ ကြာကြာမထားဘူး။ အဖူး လေးတွေ ပွင့်ပြီဆိုတာနဲ့ အကုန်လုံး ကတ်ကြေးနဲ့ဖြတ်ပြီး ခြင်းထောင်းထဲ စီစီရီရီထည့်၊ အိမ်နီးနားချင်းကို လိုက် ဝေတော့တာပဲ။ အိမ်ဖို့ တပွင့်မှ မချန်ဘူး။ ငါ့ကြောင့်ပါပဲ။ ငါက ပန်းပွင့်တွေကို မုန်းတယ်။ ဒါပေမဲ့ ပန်းပင်တွေကို တော့ ချစ်ပါတယ်။ ပန်းပွင့်တွေကို ချစ်တတ်မှ နှလုံးသားရှိတယ်လို့ ယူဆကြရင် ငါ့ကို နှလုံးသား မရှိတဲ့အထဲ ထည့်လိုက်ကြပါ။ ပန်းပွင့်တွေထက် အဆုတ်နဲ့ လေပြွန်တွေက ငါ့အတွက် ပိုပြီး အရေးကြီးတယ်။ ဒါကို အမေသိ တယ်။ အစ်ကို သိတယ်။
အမေ ပန်းခူးနေတုန်း ငါ အိမ်ထဲကို ပြန်ဝင်လိုက်တယ်။ အပြင်မှာ နည်းနည်းအေးတာလည်း ပါတယ်။ အတွင်းကိုရောက်တော့ ဘာလုပ်ရမှန်း မသိပြန်ဘူး။ အဲဒါနဲ့ ဆိုဖာကြီးပေါ်လှဲချပြီး အသင့်ရှိနေတဲ့ စောင်ကို ခြုံ လိုက်တယ်။ နွေးသွားတာပဲ။ စောင်ခြုံလို့ နွေးရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး။ အင်း ... အစ်ကို ကြားရင် သတ်လိမ့်မယ်။ သူ ဖက်ထားရင် ပိုနွေးတာတော့အမှန်ပဲ။ တဒိတ်ဒိတ်တိုးနေတဲ့ နှလုံးခုန်သံကို ဂီတသံလို နား ထောင်ရတာလေ။ ဘယ်လောက်ကောင်းလိုက်သလဲ။ မနက်ဖြန် အစ်ကို ပြန်လာရင် အဖေ့ဆီ သွားတွေ့ကြမယ် တဲ့။ အဖေစစ်စစ်တော့ ဘယ်ဟုတ်ပါ့မလဲ။ အဖေရဲ့ အမှတ်တရ ကမ္ဗည်းတိုင်လေးဆီပေါ့။
အဖေ ... ။ အဲ့ဒီနေ့က ... ။
ငါ အပြန် ကျောင်းကားပေါ်မှာ တလမ်းလုံးတွေးလာတယ်။ ပြောသင့်၊ မပြောသင့်။ ညတုန်းကတော့ ဘာပဲဖြစ်ဖြစ် ပြောလိုက်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမဲ့ တကယ်ကျတော့လည်း တွန့်ဆုတ်နေပြန်တယ်။ အို ဘယ်လိုပဲဖြစ်ဖြစ် မိဘတွေက သားတယောက်ရဲ့ အခြေအနေအမှန်ကို သိမထားသင့်ဘူးလား။ ငါပြောမှ သိရမဲ့ အမှန်တရားတချို့ကိုလေ။ နောက်ပြီး အဲဒီအမှန်တရားရဲ့ ရိုက်ခတ်မှုအတွက် အဖေနဲ့အမေကို အားကိုး လို့မရနိုင်ဘူးလား။ ငါဆိုလိုတာက သူများတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ နည်းနည်းပိုပြီး သတ္တိရှိလာမယ်လို့ ပြောတာ။ ဟူး ... အားလုံးက မိဘတွေရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်နေပါတယ်။
တကယ်လို့ ... တကယ်လို့ ... တုံ့ပြန်မှုက ဆိုးရွားရင် ဘယ်လိုလုပ်မလဲ။ မပြောဘဲထားရင် အစ်ကိုနဲ့ ငါရဲ့ ဆက်ဆံရေးက တသက်လုံးလူသိမခံရဲတဲ့ ဆက်ဆံရေးမျိုးဖြစ်သွားမှာ။ ငါက သူရဲဘောကြောင်ရာ ကျတာ ပေါ့။ မဟုတ်ဘူးလား။ လွတ်လပ်စွာ နမ်းရှိုက်ခွင့်၊ လွတ်လပ်စွာ ချော့မြှူခွင့်၊ လွတ်လပ်စွာ ခေါ်ဝေါ်ခွင့် စသဖြင့် စသဖြင့်။ အစ်ကိုကတော့ ငါဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ခွင့်ပြုထားတယ်။ တသက်လုံး ဒီလိုပဲဆက်နေရလဲ နေမယ်တဲ့။ အဲလိုပြောတော့ အစ်ကို့ကို အားနာလာပြန်တယ်။ သူ ဒီလောက်ကောင်းတာ ငါ့ဘက်က သူရဲဘော ကြောင်နေရင် မဟန်ပါဘူး။
အို ... ပြောမယ် ... ပြောလိုက်တော့မယ်။ မျက်စိတော့ မှိတ်ထားသင့်တယ်။
အိမ်ပြန်ရောက်တော့ အဖေ့ကို အဆင်သင့်တွေ့ရတယ်။
အဖေက မနက်က ဖတ်ဖို့အကြွေးကျန်နေတဲ့ သတင်းစာကို ဖတ်နေတယ်။ ညနေခင်းက အရင်နေ့တွေ ကထက်ပိုပြီး အရောင်ရင့်နေသလိုမျိုး အနောက်ကောင်းကင်မှာ တိမ်တောင်တွေက နီဆွေးနေတယ်။ ငါ ကျော ပိုးအိတ်ကို နံရံမှာ ချိတ်လိုက်ပြီး ဘာဆက်လုပ်ရမလဲမသိဖြစ်နေတယ်။ အဖေ့ရှေ့ ဒူးပဲထောက်ရမလား။ ဒါက တော့ မဟုတ်သေးဘူး။ ငါ့ရဲ့ ဖြစ်တည်မှုပုံသဏ္ဌာန်က အပြစ်တခု မဟုတ်ဘူး။ ညနေခင်းက ပိုပြီး အမှောင်ကျ သွားသလိုလို။
ကျောပိုးအိတ်ထဲ နှိုက်ပြီး ဟိုရှာဒီရှာလုပ်နေပေမဲ့ ဒီလိုကြာကြာနေလို့မရဘူးဆိုတာ သိတယ်။ ခါတိုင်း နေ့တွေလို ကိုယ့်အိပ်ခန်းထဲဝင်ပြီး နားနေလိုက်ရင်တော့လည်း ဖြစ်တာပဲ။ ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒါကြီးက တရက်မဟုတ် တရက် ပေါက်ကွဲမဲ့ ဗုံးကြီးတခုလို ခံစားနေရတယ်။ ပြောလိုက်မှ အေးတော့မယ် ထင်ပါရဲ့။ သေမဲ့ဘေးပြေးတွေ့ဆိုတာ အလကားထားတဲ့ စကားပုံမဟုတ်ကြောင်း စိတ်ထဲက ဇွတ်အတင်း ပြောနေမိတယ်။
"အဖေ ... အမေရော ဘယ်သွားလဲ"
အဖေ့ဆီက အဖြေပြန်မလာသေးခင် မီးဖိုချောင်ထဲက အမေ့ အသံကို ကြားရတယ်။
"လာပြီ လာပြီ အမေ ဂေါ်ရခါးညွန့်ကြော်နေလို့"
အမေက ဖိုသီဖတ်သီနဲ့ အဖေ့နားလာထိုင်တယ်။ အဖေက သတင်းစာကို ချလိုက်တယ်။
"ပြောစရာရှိလို့လား သား"
"ဟုတ် သားမှာ ပြောစရာရှိတယ် အဖေ"
အဖေက မျက်ခုံးပင့်ပြီး ပြောစမ်းပါဦးဘာကိစ္စလဲ ဆိုတဲ့သဘောမျိုးနဲ့ မေးဆတ်ပြတယ်။
"သားပြောမဲ့စကားက မိသားစုအတွင်းမှာ အပြောင်းအလဲတခု ဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ သား အဖေ နဲ့ အမေကို မပြောမဖြစ် ပြောသင့်တယ်လို့ ထင်လို့ပါ"
"ရည်းစားသညာများရနေပြီလား၊ ဒါများ ဆန်းလွန်းလို့ သားရာ၊ အဖေ့ကိုပြော ဘယ်မိန်းကလေးလဲ"
"မဟုတ်ဘူး အဖေ"
အမေကတော့ ဘေးကနေ စူးစမ်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေတယ်။
"ဟေ၊ မင်း ဖုန်းခိုးခိုးပြောနေတာတွေ့ပါတယ်ကွ"
"ဟုတ်တယ်၊ သားမှာ ချစ်သူရှိတယ်၊ ဒါပေမဲ့ ... ဒါပေမဲ့"
ငါ ဘာဆက်ပြောရမှာလဲ။ ငါ လုပ်တာဟုတ်ရော ဟုတ်ရဲ့လား။ ငါ တကယ်ပဲ ကြောက်နေတယ်။ ရင် ထဲက တဒုန်းဒုန်းနဲ့ ဘောလုံးကြီး ဝင်ဝင်ဆောင့်နေသလိုပဲ။ ငါ ငရဲကျနေတာ။ ဒါက ငါ့ဘဝမှာ ပထမဆုံး စတင် ခံစားရတဲ့ ငရဲဖြစ်လိမ့်မယ်။
"ဒါပေမဲ့ ... အဖေ ... သား ချစ်သူက အဖေတို့ ထင်သလို ..."
ငါ တိုးတိုးလေး သက်မရှိုက်ပြီး ဆက်ပြောလိုက်တယ်။
"မိန်းကလေးတယောက် မဟုတ်ဘူး၊ ယောကျ်ားလေးတယောက် အဖေ"
"..."
"သားတို့ကို ခွင့်ပြုပေးပါ အဖေနဲ့အမေ"
"..."
ဖြစ်နိုင်ရင် နားပိတ်ထားချင်တယ်။ အဖေ့ဆီက စကားတခွန်းတလေမှ ပြန်မကြားချင်တော့ဘူး။
ဒါပေမဲ့ ထင်ထားသလို ဖြစ်မလာဘူး။ အမေကတော့ ငါ့ကို သနားကြင်နာတဲ့ မျက်ဝန်းတွေနဲ့ စိုက် ကြည့်လို့။ စောစောက ရယ်ရယ်မောမော ပြောပြောဆိုဆို ကြည်လင်နေတဲ့ အဖေ့မျက်နှာက ရုတ်ချည်း တင်းမာ လာကို ငါတွေ့ရတယ်။ စကားတခွန်းမှတော့ ထွက်မလာဘူး။ စကားမပြောချင်တော့လောက်အောင် ဒေါသ ထွက်သွားတာလား၊ ပြောရမဲ့ စကားလုံးတွေကို ချုပ်တည်းနေတာလား ငါ စဉ်းစားရင်း အချိန်မြန်မြန်ကုန်ပါစေ တော့လို့ ဆုတောင်းနေမိတယ်။ အဖေ့ အသက်ရှူသံတွေ မြန်လာတာကို သတိထားမိတယ်။ ငါ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ မျက်လုံးတွေက သိပ်ကြောက်ဖို့ကောင်းတယ်။ ဘဝမှာ ပထမဆုံးအကြိမ် အဖေ့ကို ကြောက်တဲ့ စိတ်ဝင်လာတယ်။ အဖေတခုခု ပြောလိုက်ပါလို့ ငါ စိတ်ထဲက တောင့်တနေတယ်။ တခုခုလေ ... ။
"ငါ တို့ အ မျိုး ထဲ မှာ အဲ ဒီ လို လူ တွေ မ ရှိ ဘူး ဆို တာ မင်း သိ လား"
ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာ လူကြီးတွေ ပြောကြတဲ့ စကားကိုပဲ အဖေ ပြောတယ်။ တကယ်ပဲ လူကြီးတွေက အဲဒါကို ခါးခါးသီးသီး ရွံမုန်းကြတာလား။ အဖေ့ကို ကြည့်လိုက်တော့ ဒေါသကြောင့် တုန်ယင်နေ တာတွေ့ရတယ်။ ငါ ကြောင်ပြီး ကြည့်နေတုန်း အဖေက ဗြုန်းခနဲ ထလာပြီး ငါ့ အင်္ကျီကော်လံကို ဆောင့်ဆွဲ လိုက်တယ်။ လက်သီးနဲ့ တချက်လောက်တော့ အထိုးခံရတော့မယ်လို့ တွက်ထားတယ်။
"ငါ့သားလို့ မပြောစမ်းပါနဲ့ကွာ၊ ရှက်ဖို့ကောင်းလိုက်တာ"
ကော်လံဆီက ပြေလျော့သွားတာကို ခံစားမိလိုက်သလို အဖေ့ဆီက ချစ်ခြင်းတွေပါ ပျောက်ကွယ် သွားပြီလို့ ခံစားမိလာတယ်။ ငါ့အသက်ကာလနဲ့အမျှ ချစ်လာခဲ့တဲ့ အဖေ့ရဲ့မေတ္တာတွေ ဒီမိနစ်ပိုင်းနဲ့တင် ကုန် ဆုံးသွားပြီထင်တယ်။ အမေ့ကို ကြည့်လိုက်ပြန်တော့ မျက်ရည်တွေဝေ့လို့။ အမေ သားကို မသနားနဲ့လို့ ငါ သိပ် ပြောချင်တာပဲ။ အမေ့သားက သနားစရာလူတယောက်မဟုတ်ကြောင်း အမေသိစေချင်လိုက်တာ။
ဘယ်အရာကို နှမြောရမယ်၊ ဘယ်အရာကို စွန့်လွှတ်ရမယ်ဆိုတာကို ငါ မသိဘူး။ မသိချင်ဘူး။
အစ်ကို့ကို ပြေးဖက်ပြီးငိုချင်တယ်။ အားရပါးရ ငိုပစ်လိုက်ချင်တယ်။
ဟင် ... ငါ မျက်ရည်တွေ ကျနေတယ်။ မျက်ရည်တွေနဲ့စိုစွတ်တဲ့ ပါးပြင်က တခဏတော့ ပူနွေးနေပြီး မျက်ရည်တွေ အငွေ့ပျံသွားတဲ့အခါ အေးစက်ပြီးကျန်ခဲ့တယ်။ ငါ ဆိုဖာပေါ်လှဲနေမိတာ အတော်လေး ကြာသွား ပြီထင်တယ်။ မနက် ဆယ်နာရီခွဲ။
"သား အခုတလော ခဏခဏ ငိုတယ်"
အမေက ငါငိုနေတာကို တွေ့သွားပုံရတယ်။ နောက်ပြီး ငါ့နဖူးကို လက်ဖမိုးနဲ့အသာစမ်းတယ်။ စောင် ကို ရင်ပိုင်းအထိဆွဲတင်ပေးခဲ့ပြီး အိမ်နီးနားချင်းတွေကို နှင်းဆီပန်းတွေဝေဖို့ ထွက်သွားတယ်။ အမေ့ နောက် ကျောကို လှမ်းကြည့်ပြီး ငိုချင်လာပြန်တယ်။
ငါ အဲဒီနေ့က ဖွင့်မပြောခဲ့ရင် အခြေအေနေတွေ ပြောင်းလဲသွားခဲ့မှာ မဟုတ်ဘူးလို့ထင်တယ်။
ဇာတ်ကြောင်းကို အလှည့်အပြောင်းလေးလုပ်ပြီး ငါ့ပါးစပ်ကို ပိတ်နိုင်ခဲ့ရင်ကောင်းမယ်။ အဖေ့ကို ဖွင့် ပြောမယ်ကြံတုန်းမှာ ငလျင်လှုပ်လာတာ၊ မီးပျက်သွားတာ၊ ဒါမှမဟုတ် မုန်တိုင်းကြီးဝင်လာပြီး မိုးကြီးသည်း အောင်ရွာတာ၊ စသဖြင့် စသဖြင့်။ ဒါပေမဲ့ ပြီးခဲ့လေသမျှသော အတိတ်က ဇာတ်လမ်းလည်း မဟုတ်ခဲ့သလို၊ ဇာတ်ကြောင်းဆိုတာလည်း မရှိဘူး။ အချိန်တခုမှာ ဖြစ်ပျက်ခဲ့လေသတည်းဆိုတဲ့ အမှတ်သညာသာ ဖြစ်တယ်။ အခု ပစ္စုပ္ပန်မှာ လုံးဝမရှိတော့တဲ့၊ ကမ္ဘာပေါ်ကနေ လုံးဝပျောက်ပျက်သွားပြီ ဖြစ်တဲ့ အချိန်အပိုင်းအခြား။
နောက်တနေ့မှာ အစ်ကို ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်းပဲ ငါ့ဆီကို လာတယ်။
"မပင်ပန်းဘူးလား ကိုကိုရာ၊ ကျွန်တော်က နေကောင်းပြီပဲ"
"ဟုတ်ပါပြီ၊ နေကောင်းတာ ကိုယ် သိပါတယ်၊ အလုပ်တွေလည်း ပြီးပြီမို့လေ၊ အမေရော"
"အိမ်နောက်ဖေးမှာ နေပူဆာလှုံနေတယ်၊ နေဉီး ကိုကို့ဖို့ မနက်စာ ပြင်ပေးမယ်"
ငါ မီးဖိုချောင်ကို အသွားမှာ အမေ့ကို လှမ်းပြီး အော်ပြောခဲ့သေးတယ်။
"အမေရေ ကိုကို ပြန်လာပြီ"
မီးဖိုချောင်ထဲရောက်တော့ မနက်စောက အမေကြော်ထားတဲ့ ကြက်ဉထမင်းကြော်ကို ပန်းကန်ထဲ ထည့်၊ ဝက်အူချောင်းသုံးချောင်းကို ခပ်မြန်မြန်လေးကြော်ပြီး ပန်းကန်အစွန်းမှာတင် လိုက်တယ်။ မဆိုးရွားတဲ့ မနက်စာလေးဖြစ်မှာပါ။ နွားနို့တခွက်ပါထည့်လိုက်ပြီး အိမ်ရှေ့ခန်းထဲကို သယ်လာတယ်။
ပန်းကန်ကို စားပွဲပေါ်ချလိုက်တယ်။ အမေက အစ်ကိုနဲ့စကားပြောနေတယ်။ အဖေ့ကမ္ဗည်းတိုင်ဆီကို သွားပြီး အမှတ်တရဝတ်ပြုဖို့ ကိစ္စထင်ပါရဲ့။ အဲဒီလို မြင်ရပြန်တော့လည်း အမေက အစ်ကို့ကို ကောင်းကောင်း လက်ခံတာပဲလို့ ထပ်ပြီးတွေးမိပြန်ရော။
အစ်ကိုက ငါပြင်ပေးထားတဲ့ မနက်စာကို အားရပါးရစားနေတာတွေ့ရတော့ ဘာရယ်မဟုတ် ဝမ်းသာ မိသေးတယ်။ အမေကြော်ထားတဲ့ ထမင်းကြော်ဖြစ်တဲ့အကြောင်းကိုတော့ စိတ်ထဲ ကြိတ်ဝှက်ထားလိုက်တယ်။
အဖေ့ဆီကို အမေရယ်၊ အစ်ကိုရယ်၊ ငါရယ် နောက်ပြီး အစ်ကို့အိမ်မှာ မွေးထားတဲ့ ခွေးစုတ်ဖွားလေး တကောင်ရယ် သုံးယောက်နဲ့တကောင်သား သွားကြတယ်။ ကားမှန်ပြူတင်းရဲ့ အပြင်မှာ နှင်းတွေ တဖွဲဖွဲကျ နေတာကို မြင်ရတယ်။ ထူထူပိတ်ပိတ်ကျနေတာတော့ မဟုတ်ဘူး။ လှုပ်လီလှုပ်လဲ့နဲ့ စိမ်ပြေနပြေကျနေပုံမျိုး။ ကြည့်ရတာ အေးအေးလူလူ ရှိလိုက်တာ။ မကြာခင်မှာပဲ "Dreaming World" ကိုရောက်တော့မယ်။ ဘယ်သူက များ သုဿန်ကို အဲဒီလို နာမည်ပေးခဲ့သလဲ မသိပါဘူး။ "Dreaming World" က ဒီမြို့လေးရဲ့ တခုထဲသော သုဿန်ပဲ။ သေချာစဉ်းစားကြည့်တော့ နာမည်လေးတောင် သဘောကျသလိုလို။ "အိပ်မက်မက်နေတဲ့ ကမ္ဘာ" ဆိုတော့ အိပ်မက်အရှည်ကြီးကို မက်နေကြတဲ့သူတွေ လဲလျောင်းနေကြတဲ့နေရာလို့ ပြောတာပဲပေါ့။
တိတ်ဆိတ်နေတာပဲ။ ပန်းခြင်းကလေးတွေ လာချသူတချို့ကလွဲလို့ ဘယ်သူမှ မရှိဘူး။ ဒါက သဘာဝ ပါပဲ။ အဖေ့ ကမ္ဗည်းတိုင်က အလယ်နားလောက်မှာ ရှိတယ်။ ငါတို့ အမေ့ကို တဖက်စီက အသာတွဲပြီး လျှောက် ကြတယ်။ အမေကတော့ မျက်ရည်စို့တဲ့ မျက်ဝန်းတွေနဲ့။
အစ်ကိုကတော့ ခါတိုင်းလို တည်ကြည်တဲ့ မျက်ဝန်းတွေနဲ့ တချက်တချက် ငါ့ကို လှမ်းလှမ်းကြည့်တာ တွေ့ရတယ်။ တွေ့ခါစ အသစ်စက်စက် စုံတွဲတွေလို ဒါက ခိုးခိုးကြည့်တဲ့ မျက်ဝန်းတွေ မဟုတ်ဘူးဆိုတာ ငါ သိ တယ်။ ငါ အဆင်ပြေနေရဲ့လားလို့ အကဲခတ်တဲ့ မျက်ဝန်းတွေလေ။ နှင်းတွေဝေတဲ့ မနက်ခင်းမျိုးမှာတောင် နေရောင်မလာဘဲ နွေးထွေးရပါတယ်။ အစ်ကို့ကို ခေါင်းအသာညိတ်ပြလိုက်တယ်။
အမေက ငါတို့ နှစ်ယောက်ကို မေးဆတ်ပြတယ်။ ပြီးတော့ နောက်နားကို အသာတိုးသွားတယ်။ အစ်ကိုရယ် ငါရယ် နှစ်ယောက်သား အဖေ့ရှေ့မှာ ငြိမ်ငြိမ်ကလေး ရပ်နေမိကြတယ်။ ငါ့မှာ ပြောစရာတွေ ရှိ တယ်။ နှုတ်က ဖွဖွရေရွတ်ရင်း အဖေကြားပါစေလို့ ဆန္ဒပြုခဲ့တယ်။

"Forgive me Daddy, you were right and we weren't wrong too ..."

အစ်ကိုက ငါ့လက်မောင်းကို ဆုပ်ကိုင်ထားတယ်။ ပြီးတော့ ငါ့ကို ငုံ့ကြည့်ပြီး ပြောတယ်။
"ကိုယ်လည်း အဖေ့ကို ပြောစရာရှိတယ်" တဲ့။
အစ်ကို မျက်လုံးတွေ မှိတ်သွားတယ်။ တစုံတခုကို အသံတိတ် တိုင်တည်နေသလိုမျိုး။
အိမ်အပြန်လမ်းမှာတော့ အစ်ကို့နား ကပ်မေးလိုက်တယ်။ အဖေ့ကိုဘာတွေပြောခဲ့သေးလဲလို့။ အစ်ကို က နောက်ခန်းမှာ ရှိတဲ့ အမေ့ကို လှမ်းကြည့်ပြီး ပြုံးပြတယ်။ ပြီးတော့ ငါ့ကို တိုးတိုးလေးကပ် ပြောတယ်။
"ကတိတခု ပေးခဲ့တယ်"
အဲဒီနေ့က နှင်းပွင့်လေးတွေကို မြင်စမ်းစေချင်တယ်။ လူးလွင့်ရယ်မောနေကြတာလေ။ ။

(၂၉-၉-၂၀၁၉)

🎉 You've finished reading နေရောင်အောက်က နှင်းပွင့်တွေ 🎉
နေရောင်အောက်က နှင်းပွင့်တွေWhere stories live. Discover now