1

416 15 4
                                    

"မြေပုံအရဆိုရင်တော့ ဟိုးရှေ့က လှမ်းမြင်နေရတဲ့ မြို့ပဲ ဖြစ်ရမယ်"

ကျွန်တော် မြေပုံကိုကြည့်ပြီးနောက် ခပ်လှမ်းလှမ်းတွင် လှမ်းမြင်နေရသော မြို့တစ်မြို့ကို လှမ်းကြည့်ရင်း အဖော်ပါလာသည့် သူငယ်ချင်းဖြစ်သူ "Xiao Yuan" ကို လှမ်းပြောမိသည်။ သူက ကျွန်တော့်လက်ထဲရှိ မြေပုံကို တစ်လှည့်၊ ခပ်လှမ်းလှမ်းရှိ မီးမှိန်ပျပျထွန်းထားသော အိမ်အချို့ ရှိနေသည့် ထိုမြို့ကို တစ်လှည့် လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းကိုညိတ်လိုက်ပါ၏။

"အင်း..ဟုတ်လောက်မယ်..သွားကြည့်ကြတာပေါ့"

ကျွန်တော်လည်း ခေါင်းညိတ်လိုက်ကာ မြေပုံကိုင်လျက် ရှေ့မှ ဦးဆောင်သွားမိသည်။ ကျွန်တော်က ငယ်စဉ်ကတည်းက ခရီးတွေထွက်ရသည်ကို ဝါသနာပါပြီး အမြဲခေါင်းဆောင်လုပ်လေ့ရှိသောကြောင့် ရှေ့မှမြေပုံကြည့်သွားကာ လမ်းပြရသည်ကို သဘောကျသည်။

ခပ်လှမ်းလှမ်းတွင်မြင်နေရသော မြို့၏ပုံသဏ္ဌာန်သည် ကျွန်တော်တို့ ပို၍နီးနီးရောက်လေလေ ပို၍မူမမှန်ဟုခံစားရလေလေ ဖြစ်သည်။ မြို့အဝင်ဝ မုဒ်ဦးသို့ မရောက်မီ ခပ်လှမ်းလှမ်းကပင် မြို့၏ဆိုင်းဘုတ်ကို တွေ့မြင်ရသည့်အခါ ထိုဆိုင်းဘုတ်မှာ နွယ်များကပ်ငြိနေကာ စွန့်ပစ်ခံမြို့တစ်မြို့၏ဆိုင်းဘုတ်အသွင်ပေါက်နေသည်ကို သတိထားမိလိုက်၏။ မြို့အတွင်းတွင်လည်း မီးတို့ကိုမှိန်ပျပျသာထွန်းထားသဖြင့် မြို့တစ်မြို့၏မုဒ်ဦးဟုပင် မထင်ရလောက်အောင် မထင်မရှားရှိလှသည်။

မြို့အတွင်းသို့ ဝင်လိုက်သည့်အခါ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေပြီး လမ်းများပေါ်တွင်လည်း လူတစ်ယောက် ခွေးတစ်ကောင်မျှပင် ရှိမနေပေ။ ဤကဲ့သို့တိတ်ဆိတ်ခြောက်ကပ်နေသော မြို့ကြီးကို ကျွန်တော် အံ့အားသင့်စိတ်ပျက်မိသဖြင့် မတိုးမကျယ် ရေရွတ်မိလိုက်ပါ၏။

"ဒီမြို့ကြီးကလည်း တကယ်ပဲ ဒဏ္ဍာရီတွေထဲကလိုပဲ ခြောက်ကပ်နေလိုက်တာ..."

-----------------

ကျွန်တော်တို့ အတန်ကြာ ဆက်လျှောက်လာပြီးနောက် လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည်​။ ထိုသူ၏မျက်နှာမှာ အပြစ်ဆိုဖွယ်ရာမရှိလုနီးပါး လှပခန့်ညားသော်လည်း မျက်နှာထားမှာ ခပ်တည်တည်ဖြင့် မျက်နှာသေဖြစ်နေသည်။ အလွန်တရာခြောက်ကပ်နေကာ ကျောချမ်းဖွယ်ဖြစ်နေသည့်မြို့ကြီးတွင် ပထမဦးဆုံး တွေ့ရသည့်သက်ရှိလူသားကလည်း ဤသို့မျက်နှာသေဖြင့်ဖြစ်နေတော့ရာ ကျွန်တော့်စိတ်ထဲ ကြက်သီးထကာ ကြောက်သလို ရွံ့သလို ဖြစ်လာမိတာတော့ အမှန်ပင်။

"မင်းက ဘယ်သူလဲ..ဒီကပဲလား.."
ကျွန်တော် အားမွေးရင်း ကြိုးစားမေးသည့်အခါ ထိုလူက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေပါသည်။

"ဝမ်ရိပေါ်...ဒီမြို့မှာ နေတယ်"

သူပြန်ဖြေသည့်အသံကလည်း အတက်အကျ မရှိ။ ကျွန်တော် မေးသည့်မေးခွန်းကိုရော လူစိမ်းတွေဖြစ်သော ကျွန်တော်နှင့်Xiao Yuanကိုရော စိတ်ဝင်စားမှုမျိုးမပြဘဲ အေးတိအေးစက် စိုက်ကြည့်ရင်း ဖြေပါသည်။

ကျွန်တော့်စိတ်ထဲ မတင်မကျဖြစ်နေသည်မို့ သူ့ကို မေးကြည့်ရန် ကြိုးစားကြည့်မိသည်။ သူက မဖော်ရွေလှပေမယ့် ကျွန်တော့်စိတ်ထဲ တစ်စုံတစ်ရာ ထူးခြားသည်ဟု ခံစားမိသည်။

"ဒီမြို့က ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ"

"......"

သူက ကျွန်တော့်ကို မျက်နှာသေဖြင့် ကြည့်သည်။ သို့သော် ကျွန်တော်မေးသည်ကို တစ်ခွန်းတစ်ပါဒမျှ ပြန်မဖြေ။

Xiao Yuan က ကျွန်တော့်နားနားသို့ ကပ်လာကာ ခပ်တိုးတိုးဆိုသည်။

"သူ့ကိုကြည့်ရတာလည်း တစ်မျိုးပဲနော်..လူတွေနဲ့ လည်းတူတယ်..ဒါပေမယ့် မတူဘူး...ကြည့်ရတာ ဒီမြို့ကအားလုံးတစ်ခုခုကိုတူတူကြုံခဲ့ရတယ်ထင်တယ်"

ကျွန်တော်က သူ့ထံမှ အကြည့်မလွှဲသေးဘဲ ခေါင်းတစ်ချက်ညိတ်လိုက်ရင်း

"ငါလည်းအဲလိုပဲထင်တယ်..ပြီးတော့ သူလည်း တစ်ခုခုကို သိထားနိုင်တယ်..ကျန်တဲ့လူတွေလိုမဟုတ်ဘဲ သူက တစ်ခုခု ထူးခြားတယ်လို့ ငါထင်တယ်"

ကျွန်တော့်စကားအဆုံး၌ Xiao Yuanကလည်း သူ့ထံ အကြည့်ရောက်သွားကာ လှမ်းအကဲခတ်ပါ၏။

ဝမ်ရိပေါ်ဟု အမည်ရသည့် ထိုလူကတော့ ဘာခံစားချက်မှမပေါ်သည့် မျက်နှာသေဖြင့် ရပ်နေဆဲ။

-------------------
To be Continued

ဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့နှစ်လလောက်က ကျောင်းကနေအပြန် လမ်းမှာ ရုတ်တရက် စဉ်းစားမိသွားတဲ့ ဇာတ်လမ်းလေးပါ။
အသေးစိတ် ရေးလို့ မပြီးသေးပေမယ့် အစပြုထားချင်လို့ စပြီးတင်ထားလိုက်ပါတယ်။
ဒါကြောင့်မို့ Updateက လောလောဆယ် သိပ်လာဖို့မရှိသေးပါဘူး။
​ပုံစံကတော့ Descriptionကလိုပဲ Xiao Zhanရဲ့ Point of viewကနေပဲ Mysteryတစ်ခုကို ဖြေရှင်းတဲ့ပုံစံရေးသွားမှာပါ။
တစ်ခါမှ ဒီလိုပုံစံမရေးဖူးလို့ လိုအပ်တာရှိခဲ့ရင် ထောက်ပြပေးကြပါဦးရှင်။

24.2.2020

You've reached the end of published parts.

⏰ Last updated: Feb 24, 2020 ⏰

Add this story to your Library to get notified about new parts!

City of Robotic Homo SapiensWhere stories live. Discover now