အနောက်တောင်မုတ်သုန်လေ
အခန်း (၁)လောက၏အမြင် နှင့် လူများ၏အတ္တကြားတွင်ကျွန်တော်တို့၏အချစ်ကိုစတေးပြစ်ခဲ့ရဖူးသည်။ ထိုအချစ်သည်အသစ်တစ်ဖန်ပြန်လည်ရှင်သန်လာလိမ့်မည်ဟုကျွန်တော်တစ်ကြိမ်တစ်ခါမှမတွေးမိခဲ့။ မတွေးမိခဲ့ခြင်းမှာလည်း ကို့အတွက်ကျွန်တော့်၏အချစ်သည်သေဆုံးသွားခဲ့ခြင်းကြောင့်မဟုတ်ပဲ...အသက်ငင်နေ၍ပင်ဖြစ်သည်။
ထိုနေ့....။
အရင်နေ့တွေနှင့်မတူသည့်ထိုနေ့တစ်နေ့သည် ကျွန်တော့်၏နှလုံးသားကို ခံစားမှုအဟောင်းရော ခံစားမှုအသစ်ပါ ရောပြွန်း၍ခံစားစေခဲ့သောနေ့တစ်နေ့ဖြစ်ပါသည်။ထိုနေ့တွင် ကို့အပြုံးကြောင့် ကျွန်တော်သိပ်အနေကြပ်သွားရသည်။ဆယ်စုနှစ်တစ်ခုတောင်ကြာခဲ့ပြီပဲ...။ အမှန်ဆိုကျွန်တော်ရင့်ကျက်သင့်နေပြီလေ...။ ပြောင်းလဲသွားတဲ့ ပစ္စုပန်ကအခြေအနေကိုလိုက်ပြီးကျွန်တော်ပြောင်းလဲဖို့သင့်သည်...။ သို့သော်လည်ယ....ပြတ်တောက်သွားသော သံယောဇဉ်ကြိုးက ကျွန်တော့်နှလုံးသားကိုပြန်လည်ရစ်တွယ်ရန်အစပျိုးနေ၏။
ကို..၏အပြုံးထဲတွင် ကျွန်တော်ဘာအရိပ်အယောင်မှမတွေ့ရ။တကယ်ဆို.. အရင်ကသံယောဇဉ်လက်ကျန်လေးနဲ့ပြုံးသင့်ဖို့တော့ကောင်းတာပေါ့ကွယ်။ ခုတော့ ကိုက မိတ်ဆွေတစ်ဥိး ကိုတွေ့သည့်အပြုံး... နှုတ်ခမ်းကွေးလေးဆန့်ယုံသာပြုံးပြ၏။ ကိုသည် အရင်ကနှင့်မတူသိပ်ရင့်ကျက်နေပြီလော ဟုထင်မှတ်ရလောက်အောင်အထိ ကို့အပြုံးက သိပ်အေးစက်နေခဲ့သည်။
ကျွန်တော်... ကို ပြုံးပြသလို ပြန်ပြုံးပြဖို့ကြိုးစားမိပါရဲ့။ နှုတ်ခမ်းလေးကတော့အနည်းငယ်ဆန့်ကာသွား၏။ သို့ရာတွင် အပြုံးတစ်ခုမဖြစ်သွားမှန်းကျွန်တော်သိလိုက်ရသည်နှင့် ကို့ကိုမျက်နှာခြင်းမဆိုင်ရဲသလိုဖြစ်လာသည်။
တကယ်ဆို ယခုအချိန်မတိုင်မီ..ကိုနှင့်ရင်မဆိုင်ရအောင် ကျွန်တော်ဝေးဝေးကပင် ကို့ကိုလှမ်းမြင်နိုင်အောင်ကြိုးစားဖို့ကောင်းသည်။ ထိုအခါမှသာ ကျွန်တော်ယခုအခြေအနေကိုရှောင်လွှဲရနိုင်လိမ့်မည်။ ခုတော့ရေစက်က ထိပ်တိုက်တွေ့ပေးပြီလေ...။ အိမ်ကအကြိုမရောက်သေးသော ဝဏ္ဏလေးကိုကူစောင့်ပေးရင်း..ကားတစ်စီးကအရှေ့တည့်တည့်မှာလာရပ်သည်။ ပထမတော့ ဘာမှမဖြစ်သေးချေ။ ကားပေါ်မှဆင်းလာသော ကို့ ကိုမြင်မှ ကျွန်တော်ခြေမကိုင်မိလက်မကိုင်မိဖြစ်တော့သည်။