အခန်း (၂)
---------ညသည်တိတ်ဆိတ်ကာမှောင်မိုက်လွန်းနေ၏။ ညမနက်သေးသော်လည်း လမိုက်သည်ဖြစ်၍ညဦးစမှာပင်အမှောင်ကကြီးစိုးနေ၏။
ကျွန်တော်၏အခန်းပြတင်းပေါက်မှနေ၍ ကောင်းကင်ပြင်ကိုငေးမောကြည့်မိသည်။ မှောင်မိုက်သောမြင်ကွင်းကိုသာတွေ့ရသော်လည်း ကျွန်တော့်၏စိတ်အာရုံသည် ကြည်လင်ကာဝင်းပနေသည်။
ယခင်ဆို ခုလိုအချိန်မျိုးတွင် ကျွန်တော်က ဖုန်းတစ်လုံးနှင့်သာ သီချင်းနားထောင်လျက် အထီးကျန်လှသော ညတာကိုတစ်ရွေ့ရွေ့ကျော်ဖြတ်နေမိသည်။ ခုများကြတော့ ကျွန်တော့်အတွေးအာရုံတစ်ခုလုံးကို ကိုကသာမင်းမူနေလေ၏။ ကျွန်တော့်နှလုံးသားအတွင်းမှထွက်ခွာသွားသောကိုသည် ယခုကျွန်တော့်မျက်မှောက်တွင် နဂိုမူလဖြစ်တည်မှုနီးပါးအတိုင်း ပြန်ပေါ်လာခဲ့ချေပြီ ။ ယခင်နှင့်မခြား ကို့အတွက်ခံစားချက်သည် ကျွန်တော့်နှလုံးသားအတွင်း ရှင်သန်ပေါက်ဖွားနေဆဲပင်။ အသက်ငင်နေသောကျွန်တော့်၏အချစ်သည် ကို့အတွက်အခက်အလက်တွေဝေဝေဆာဆာနှင့်ဖူးပွင့်နေဆဲ။ ထိုအချစ်ကို ကိုသည်မြင်တွေ့သွား၏လော။ ကျွန်တော့်အတွက် ကို့တွင်သံယောဇဉ်လက်ကျန်များရှိနေဦးမည်ဆိုပါကမြင်တွေ့သွားနိုင်ပါသည်။ မြင်တွေ့ပါစေဟုလဲကျွန်တော်ဆုတောင်းနေမိသည်။
"တီ....တီ.....တီ..."
ကျွန်တော့်၏အတွေးကို ဖုန်းသံကဖျက်လိုက်သည်။ ကျွန်တော်ဖုန်းကိုယူကြည့်တော့ နံပတ်စိမ်းတစ်ခုဖြစ်နေ၏
။"ဟဲလို...အမိန့်ရှိပါခင်ဗျ..."
"ဟဲလို...သော်သော်..ကိုယ်ပါ....."
ကိုက သူ့နာမည်ကိုထုတ်ဖော်ပြောဆိုကာ အသိပေးလာသော်လည်း နာမည်မပြောခင် အသံစကြားသည်နှင့် ကျွန်တော်က ကိုမှန်းအတတ်သိနေခဲ့ပါသည်။ ဆယ်စုနှစ်ကြာဝေးကွာခဲ့သော်လည်း အဲ့ဒီအသံလေးကို မှတ်မိနေဆဲပဲလို့ဖွင့်ပြောလိုက်လျှင် ကို သိပ်ကိုထူးဆန်းအံ့သြသွားလေမလား။