နိဂုံး
===ဒီအခန်းလေးအတွင်းရှိ ကိုမမြင်တွေ့နိုင်သည့် တစ်ထောင့်တစ်နေရာကနေ ကို့ကိုအမြဲငေးကြည့်နေခဲ့သည်မှာ ၁၅နှစ်တိတိရှိခဲ့ပါပြီ။ ၁၅နှစ်တိတိ ကို့ဘေးနားကျွန်တော်အမြဲရှိနေခဲ့သည်ကို ကိုသိချင်မှလည်းသိလိမ့်မည်။ ကျွန်တော်ကတော့ ကို့ဘေးနားဒီလိုလေးနေနေရသည့် ဘဝလေးကိုပင် သိပ်စွဲလမ်းနေခဲ့မိသည်။ ကို့ကို ကျွန်တော်ဘယ်လောက်တောင်များချစ်လိုက်သလဲ။ ဘဝခြင်းခြာသွားတောင် ကို့အဝေးကိုထွက်သွားရမယ့်လမ်းတွေကိုမရွေးချယ်ခဲ့မိဘူးကိုရယ်။ ဒီနေရာလေးမှာပဲ ကျွန်တော်က ဒုက္ခသုက္ခပေါင်းများစွာနဲ့ ကို့ကိုစောင့်နေမိခဲ့တာ။
ဒီနေ့က သားလေးဝဏ္ဏရဲ့ မင်္ဂလာပွဲတဲ့။ ကိုဟာ မနေ့ညကတစ်ညလုံးကျွန်တော့်ဓာတ်ပုံကိုထုတ်ကြည့်ပြီး ငိုကြွေးနေလိုက်တာ တစ်ခုခုဖြစ်သွားမလားလို့တောင် စိုးရိမ်မိသွားတယ်။
ကျွီ....
အခန်းတံခါးဖွင့်သံကြောင့် ကျွန်တော့်အတွေးစများကိုမေ့ပစ်လိုက်ကာ ချောင်တစ်နေရာတည်းပြေးဝင်မိလိုက်သည်။
မင်္ဂလာပွဲကနေ ကိုပြန်လာခြင်းဖြစ်မည်။ ဝဏ္ဏလေးတော့ မပါလာသေးချေ။ ကိုဟာမမြင်မစမ်းဖြင့် အခန်းမီးခလုတ်ကို စမ်းတဝါးဝါးရှာကာဖွင့်လိုက်သည်။
ကိုဟာအလျင်လို မသန်မာတော့ဘူးနော်။ ခုဆိုဘယ်သွားသွား တုတ်ကောက်လေးတစ်ချောင်းနှင့်ဖြစ်နေပြီ။ စွတ်စွတ်ဖြူနေသောဆံပင်များကိုလည်း သားလေးဝဏ္ဏကသတိမပေးလျှင် ကိုဟာဆေးဆိုးခြင်းကိုမပြုတတ်။ ခန္ဓာက ဇရာနောက်လိုက်ကာ ပါးရေနားရေများတွန့်ကြေနေသော်လည်း ကျွန်တော့်မျက်စိထဲမတော့ ကိုဟာသိပ်ခန့်နေသေးသည်။
ကုတင်ဘေးရှိစာရေးစားပွဲပေါ်သို့ ကိုကအားစိုက်ကာထိုင်ချလိုက်သည်။ ပင်ပန်းမှုကြောင့်လားမသိ ကိုဟာသူ့ခါးလေးကို ထောက်ကာနှိပ်ရင်း ကျွတ်ခနဲတစ်ချက်ငြီးလေသည်။ ကိုဟာ ဇရာရဲ့ဝေဒနာတွေကို ဘယ်လောက်တောင်ခံစားနေရသလဲ။
ထို့နောက် ကိုကအံဆွဲထဲရှိဒိုင်ယာရီစားအုပ်ကလေးကိုထုတ်လေသည်။ ကျွန်တော်စူးစမ်းလိုစိတ်ဖြင့် ကို့အနားကို တစ်ရွေ့ရွေ့ချဥ်းကပ်သွားသည်။ ကိုသတိမထားမိပါ။