C-183

165 25 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၈၃

ရီယွမ်က လောဘတကြီးရိတ်သိမ်းနေသော ဥယျာဉ်သမားတစ်ယောက်ကဲ့သို့ တစ်တောင်လုံးရှိ ဆေးပင်များကို နေ့စဉ်ရက်ဆက် ပျော်ပျော်ကြီး ခူးယူနေလေ၏ ။ သူ၏ နဂါးအကြေးခွံများကလည်း တစ်စထက်တစ်စ ပိုပိုပြီး များပြားလာခဲ့သည် ။  ဆယ်ရက်ခန့် ကျော်လွန်သွားပြီးသည့်နောက်တွင်တော့ ရီယွမ်တွင် စုစုပေါင်း နဂါးအကြေးခွံအခု ၂၀၀၀ ကျော်ခန့်ရှိနေပြီ ဖြစ်၏ ။

စီးမျောခြင်းပြဒါးဝတ်စုံကို အမြဲဝတ်ပြီး လေ့ကျင့်နေခြင်းကြောင့် ရီယွမ်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များလည်း တစ်မဟုတ်ချင်း တိုးတက်လာသလို ခွန်အားကို ချိန်ညှိထိန်းချုပ်နိုင်စွမ်းကလည်း အလွန်တိကျနေပြီ ဖြစ်၏ ။

ယခု…  ဆေးပင်တောင်၏ အနက်ရှိုင်းဆုံးနေရာထဲထိ ရီယွမ်ကတိုးဝင်သွားပြီး သစ်ပင်များပေါ်မှ မျောက်လွှဲကျော်တစ်ကောင်ကဲ့သို့ တစ်ပင်ပြီးတစ်ပင် ခုန်ကူးပြေးလွှားနေစဉ် ဆယ်မိုင်ကျော်ခန့် အကွာအဝေးတစ်ခုမှ လွင့်ပျံ့လာသော မှိန်ဖျဖျ အရှိန်အဝါလေးတစ်ခုကို သူမြင်လိုက်ရသည် ။

အိုး…

ရီယွမ်က ပြေးနေရာမှ ရပ်လိုက်ပြီး သူ၏ စိတ်စွမ်းအင်နှင့် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များကို ပေါင်းစည်း၍ ထိုအရာရှိရာဘက်သို့ သေချာစူးစိုက်ကြည့်လိုက်၏ ။

ရီယွမ်မြင်လိုက်ရသည်က စွမ်းအင်များက အလင်းသဏ္ဍာန်ပြန့်ကြဲနေကြပြီး ကျားတစ်ကောင်မာန်မီနေသကဲ့သို့ ပုံဟန်ရှိကာ ထွက်ပေါ်လာနေသော အရှိန်အဝါများကလည်း အလွန်ထူးခြားနေပေသည် ။

အဝေးမှ မြင်ရသောကြောင့် ရီယွမ်က ရှင်းရှင်းလင်းလင်း မမြင်နေရသော်လည်း ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်မည်မှန်း သူတပ်အပ်ပြောနိုင်သည် ။

အဆင့်မြင့်ဆေးပင်များသာလျှင် ထိုကဲ့သို့ အကွာအဝေးမှ လှမ်းမြင်နိုင်လောက်သည့် စွမ်းအင်များကို ဖြာခွဲထုတ်လွှတ်နိုင်လိမ့်မည် ဖြစ်၏ ။ ထို့ပြင် စွမ်းအင်အရင်းအမြစ်များက အလွန်သန့်စင်သောကြောင့် စွမ်းအင်ပုံရိပ်ကိုပါ ထုတ်ဖော်ပြသေးသည်ဖြစ်ရာ သာမန်ကိစ္စရပ်တစ်ခုတော့ မဟုတ်နိုင်ပေ…

True Martial World Book 13-14Where stories live. Discover now