Zawgyi
ယခုရက်ပိုင်း Venessa အိပ်ရေးမဝဖြစ်ကာ နေ့လည်ဘက်တွင်ပါ မကြာခဏ သမ်းဝေလာသည်။ တိတိကျကျပြောရပါက Meiတို့အိမ်ရောက်ပြီး ၃ပတ်အကြာ လွန်ခဲ့သည့် ၂လခန့်မှစ၍ဖြစ်သည်။
လွန်ခဲ့သော၂လ ည၉နာရီ
ကလေးငိုသံက အိမ်တော်တစ်ခုလုံးကို စူးစူးရှရှ လွှမ်းမိုးထားသည်။ စာရွက်စာတမ်းများဖတ်နေသော Venessaပင် သည်းမခံနိုင်သည့်အဆုံး Huamo၏အိပ်ခန်းအတွင်း ဆောင့်ကြီးအောင့်ကြီးဝင်လာရသည်။
Meiမှာ ကလေးကိုချီထားရသည်က ပင်ပန်းရုံတင်မက၊Venessa ၏ တင်းမာနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ချွေးစေးများပင်ကျလာရသည်။ Fengသည်လည်း လက်ထိုးရုပ်ကို ကိုင်ထားရင်း ကြောင်ကြည့်နေလေသည်။
Huamoမှာ Venessaကိုမြင်သည်နှင့် Meiကိုယ်ပေါ်မှ အတင်းတိုးဆင်းကာ လှုပ်တုတ်လှုပ်တုတ်လျှောက်လာလေသည်။ မထင်မှတ်ထားစွာပင် Venessaမှာ ထိုကလေးပေါက်စကို ပွေ့ချီလိုက်လေသည်။
"အင်းအင်းမငိုနဲ့တော့ လိမ္မာတယ်။ "
မျက်နှာထားမှာ အလွန်မချိုသာသော်လည်း Venessa ပွေ့ချီလိုက်သည်နှင့် Huamoမှာ အငိုတိတ်သွားသည်ကို Meiပင်အံ့သြသွားတော့သည်။
ကလေးပေါက်စကို ချီရင်း အိမ်တစ်ပတ်ချော့မြူအပြီးတွင် Huamoမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။
"ကလေးက အရမ်းငိုနေတာပဲ"
Huamoကိုအိပ်ယာတွင်းသေချာထည့်ပေးအပြီးတွင် Venessa စကားစလိုက်သည်။
"သူ့အဖေကို သတိရနေတာတို့ ထင်တယ်"
Meiသက်ပြင်းချရင်း ဖြေလိုက်သည်။Fengမှာ နဂိုကတည်းက စကားနည်းသည့်အခံရှိရုံတင်မက Venessa၏ လူယုံကိုတိုက်ခိုက်ခဲ့ဖူးသဖြင့် အားနာနေသောကြောင့် ဝေးဝေးရှောင်နေခဲ့သည်။Venessaကိုမြင်သည်နှင့် လှစ်ကနဲ ရေချိုးခန်းအတွင်းဝင်ပုန်းသွားလေသည်။
Meiကတော့ အားနာဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ Venessaက စိတ်ဆိုးဟန်မပေါ်။ မျက်နှာတွင် ပြုံးယောင်သမ်းသွားသည်။
ညအိပ်ပိုးဂါဝန်ကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ဆံပင်များကိုချထားသော ထိုအမျိုးသမီး၏ ရင်ဘတ်ရှိဖဲကြိုးမှာ အနည်းငယ်လျော့ရဲနေလေသည်။အတွင်းဘက်ကိုပင်မြင်ရလောက်သည့်အထိ ဟိုက်နေသောထိုဂါဝန်ကြောင့် Mei မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။
YOU ARE READING
Midnight Flower (Season 3)
Actionသန်းခေါင်ယံမှာ အလှဆုံးပွင့်ခဲ့တဲ့ ပန်းတွေလည်း မိုးသောက်ချိန်ရောက်ရင်ကြွေလွင့်သွားရတာ သဘာဝပါပဲ။ Final Season of Masquerade Series. Own Creation Not Translation Starting Date 26 April 2019 CV byHarley Robbie