12 15 18 24 9 27 18 16စားပွဲပေါ်ကိုရောက်လာတဲ့ စာရွက်ပိုင်းတစ်ခုနဲ့အတူ ဘာမှန်းမသိတဲ့နံပါတ်တွေ။ မွေးနေ့တွေလား၊ ဖုန်းနံပါတ်တွေလား၊ ဘာတွေလဲ။
ပြောရမယ်ဆိုရင် Jisoo ဆိုတာ အရမ်းတော်နေတဲ့ ထိပ်တန်းကျောင်းသူမဟုတ်ဘူး။ သာမန် IQ သာမန်အဆင့် သာမန်စာလုပ်ပုံတွေနဲ့ သာမန်ဘဝကိုဖြတ်သန်းနေတဲ့ သာမန်ကောင်မလေးတစ်ယောက်။ နေဦး.. သာမန်ဆိုတဲ့စကားလုံး သုံးတာအရမ်းများသွားလား။ ကျောင်းမှာကတော့ စကားတစ်လုံးကို ထပ်ခါထပ်ခါမသုံးဖို့ သင်ပေးဖူးတယ်။
ဆိုတော့ ပြောချင်တာက ဒီလိုသာမန်ဦးဏှောက်က အခုစားပွဲပေါ်ကိုရောက်လာတဲ့ သာမန်နံပါတ်တွေနဲ့ပါတ်သတ်ပြီး ဘာမှစဉ်းစားလို့မရဘူးဆိုတာပဲ။ စာရွက်တင်တဲ့သူကို လှမ်းကြည့်ဖို့ရာကလည်း ဇက်လှည့်ရမှာပျင်းနေတယ်။
နေ့တစ်နေ့ရဲ့ ဘယ်အချိန်ဟာ ပျင်းဖို့အကောင်းဆုံးလဲသိလား။ စာသင်ခန်းထဲရောက်နေတဲ့အချိန်ပဲ။ ဒါကိုဘယ်လိုအားယားနေတဲ့ ဉာဏ်ကြီးရှင်က နံပါတ်တွေထိုင်ရေးနေတာလဲ။ နှစ်လုံးတွေချဲတွေများ ပေးနေတာလား။ နောက်ဆုံးတော့ ဘာမှန်းမသိတာနဲ့ အဲ့စာရွက်အပိုင်းအစလေးကို လွယ်အိတ်ထဲထည့်သိမ်းပြီး အိမ်ကျမှစဉ်းစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
* * *
"Jennie သချၤာဆရာခေါ်နေတယ် "
နောက်ဆုံးတန်းက ထောင့်ဆုံးမှာထိုင်တဲ့ အတန်းဖော်တစ်ယောက်ကို အမှာစကားသွားပြောတော့ Jennie ဆိုတဲ့အဲ့တစ်ယောက်က အူကြောင်ကြောင်လုပ်နေတယ်။ သူမမျက်နှာကို မျက်လုံးပြူးပြီးတော့ စိုက်ကြည့်လာတာကြောင့် Jisoo မှာ ကြက်သီးတွေပင် ထလာသလိုလို။
ထပ်ပြောရမယ်ဆိုရင် Jisoo ဆိုတာ လူချစ်လူခင်များပြီး အတန်းထဲမှာလည်း သူငယ်ချင်းပေါတဲ့ကောင်မလေး။ တစ်ချို့နဲ့တော့ မရင်းနှီးဘူးပေါ့လေ။ ဥပမာ အရမ်းအာပြဲတဲ့ Lalisa တို့လို၊ ပါးစပ်နဲ့မုန့်မပြတ်တဲ့ Chaeyoung တို့လို၊ အခုရှေ့မှာရှိနေတဲ့ အူကြောင်ကြောင် Jennie တို့လိုမျိုး အတန်းဖော်တွေနဲ့တော့ တကယ်မရင်းနှီးဘူး။