ညင်သာစွာ တိုက်ခတ်လာတဲ့ လေပြည်ကြောင့် သူမရဲ့ ဆံနွယ်လေးတွေ လှုပ်ခါသွားရသည်... သူမရဲ့ ခပ်တည်တည် မျက်နှာထားက တစ်စုံတစ်ခုကို အလိုမကျနေသလို ဖြစ်နေလေသည်... ဆံပင်တွေကို အရောင်ဆိုးထားကာ ပုံသွင်းထားပုံကို ကြည့်ရတာတော့ သူမဟာ အလှအပရေးရာကို ကျွန်မထက် ပိုပြီး စိတ်ဝင်စားမယ့်ပုံ... ကျူရှင်တတ်မည့် ကောင်မလေးနဲ့ မတူအောင် မိတ်ကပ်တွေကလည်း ပြင်လာသေးသည်...
ကျူရှင်လာအပ်ပုံ ရသည်... သူမရဲ့ အမေဖြစ်ပုံရတဲ့ အန်တီကြီးက ဆရာကြီးကို အသေအချာ အပ်နှံနေသည်... ဆရာကြီးကလည်း ခေါင်းတညိတ်ညိတ်နဲ့ သူမရဲ့ အမေ ပြောသမျှကို သေချာ နားထောင်နေသည်...
စာသင်ခန်းမှာ ရှိနေတဲ့ သူအားလုံး အဲ့ဒီကောင်မလေး ထံမှာ... အသားဖွေးပြီး အလှတွေ ပြင်ထားသည့် သူမက လှပနေ၍လား... ဒါမှမဟုတ် ဆရာကြီးထွက်သွားသည်နှင့် ကြည့်မိကြည့်ရာ ကြည့်နေကြခြင်းလား... အဲ့ဒီထဲမှာ ကျွန်မလည်း အပါအဝင် ဖြစ်ခဲ့ရသည်...
သူမကို ကြည့်နေမိရင်း ဘေးနားက သူငယ်ချင်းက...
"ကြည့်လိုက်ဦး... မိတ်ကပ်တွေကလည်း ဖွေးလို့... ကျူရှင်နဲ့ ရှုတင်မှားလာသလားပဲ..."
သူငယ်ချင်းကို ပြုံးပဲ ပြုံးပြမိလိုက်သည်... အမှန်အတိုင်း ပြောရရင် ကျွန်မလည်း ဒီကျူရှင်ကို ဒီနေ့မှ တတ်ဖူးသည်... ဒီသူငယ်ချင်း ကောင်မလေးနဲ့လည်း ဒီနေ့မှ စပြီး ခင်သည်... သူမက ခင်တတ်၍သာ ကိုယ်နဲ့ စကားလာပြောခြင်းပင်...
ခဏအကြာမှာတော့ ဆရာက ထိုကောင်မလေးကို အတန်းထဲ ခေါ်လာတော့သည်...
"ကဲ...သမီး... လွတ်တဲ့ နေရာသာထိုင်... ခုရှင်းလတ်စလေးပဲ လိုက်နားထောင်လိုက်... ဟုတ်ပြီလား..."
ရှေ့ဆုံးမှာ ထိုင်တဲ့ ကျွန်မဘေးကနေ သူမ မလွဲမသွေ ဖြတ်သွားသည်... အားပါးပါး... သူမဖြတ်သွားတာနဲ့ ရေမွှေးနံ့က ထောင်းခနဲ....
ဆံပင်တိုနှံ့နှံံ သနပ်ခါးဘဲကြားနဲ့ ကျွန်မ ပုံစံက သူမနဲ့ ခြားနားစွာ... ကျွန်မလို ဆံပင်တိုနှံ့နှံ့ မဟုတ်ကြပေမယ့် အတန်းထဲမှာ ရှိတဲ့ ကောင်မလေး အားလုံးဟာလည်း သနပ်ခါးဘဲကြားနဲ့ပါ... သူမတစ်ယောက်သာ မိတ်ကပ်တွေနဲ့ ဖြစ်သည်...