[U]
"လူစုံရင် ကားထွက်မယ်!! စုံပြီလား။"
နည်းပြ ဝမ်ကျိုးချန်ရဲ့ လော်စပီကာ သံက ပတ်ဝန်ကျင်ကို လွှမ်းမိုးနေတယ်။
"ဆရာ..ဆရာ... ဝမ်ညီအစ်ကို မရောက်သေးဘူး"
"ဘာ!!!! ငါဘာပြောထားလဲ! မနက်ဖြန် ကိုးနာရီ ကားထွက်မယ်လို့ ပြောထားတယ်မဟုတ်ဘူးလား! အခုပဲ ကိုးနာရီ နှစ်ဆယ်ရှိနေပြီ! နောက် ငါးမိနစ်ပဲ စောင့်မယ်! အဲ့တာမှ မလာရင် ချန်ပြီ!"
"စိတ်လျှော့ပါ နည်းပြရယ်... လာမှာပါ။ ဟော..ဟော...ပြောရင်းဆိုရင်းလာပြီ။"
အသင်းခေါင်းဆောင် လျှိုဟိုက်ခမ်း လက်ညှိုးညွှန်ရာကို ကြည့်မိတော့ အိပ်မှုန်စုံဖွားနဲ့ အဝတ်အိတ်ကို ကျောမှာလွယ်လို့ အူယားဖားယားပြေးလာကြတဲ့ ဝမ်ရိပေါ်နဲ့ ဝမ်ဟောက်ရွှမ်း။ ဝမ်ကျိုးချန်ကတော့ မျက်ဖြူသာစိုက်ပြလိုက်ပြီး ကားထွက်ဖို့ အသင့်ပြင်ဖို့ ကားဆရာကိုသာ ပြောလိုက်တယ်။
ဟို နှစ်ယောက်က စပ်ဖြီးဖြီးနဲ့ တစ်ယောက်ကို တစ်ယောက် ပုခုံးချင်း တွန်းတိုက်လို့ ကားပေါ်တက်သွားကြတယ်။"ဟေ့ရောင်...ငါ့ကို နှိုးပါဆို ဘာလို့မနှိုးတာလဲ"
"ငါလဲ အိပ်ပျော်သွားလို့လေ။ မကျေနပ်ရင် မင်းဘာမင်းထပါလား။"
"အေး။ အိပ်ပျော်မှာပေါ့။ ညက တအင်းအင်း တအဲအဲ အသံတွေထွက်နေတဲ့ Video တွေကြည့်နေတာမလား"
"ခွေးကောင်....ဟောက်ရွှမ်း။ မင်းလည်း ဘာထူးလဲ"
ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ ထုံးစံအတိုင်း တကျက်ကျက်။
ဒီကနေ့ဟာ ပေကျင်းအထက်တန်းကျောင်းမှ Basketball လက်ရွေးစင်များကို ပြီးခဲ့သည့်ပြိုင်ပွဲတွင် ပထမဆုရသည့်တွက် ကမ်းခြေသို့ အပန်းပြေခရီး ပို့ပေးခြင်းဖြစ်တယ်။ ဝမ်ရိပေါ်နဲ့ ဝမ်ဟောက်ရွှမ်းဆိုတာကတော့ လက်ရွေးစင်ထဲပါတဲ့ညီအစ်ကိုနှစ်ယောက်ပေါ့။ အသင်းရဲ့ Aceတွေဆိုလည်း မမှားဘူး။
ကစားသမားအပြည့်နဲ့ Highway Bus ကားလေးဟာ တရွေ့ရွေ့နဲ့။ ၄ ၅ နာရီလောက်မောင်းနှင်ပြီးတဲ့အခါ ကမ်းခြေကို ရောက်ရှိခဲ့ပြီဖြစ်တယ်။
.
.
.
.
(Day 1)